ချောင်ဦးနယ်၊ ကံကြီးကုန်းရွာ ပျုစောထီးစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေ

ချောင်ဦးနယ်၊ ကံကြီးကုန်းရွာ ပျုစောထီးစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူသုံးကာ ခုခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်ရှိတဲ့ ကံကြီးကုန်းရွာမှာ ဩဂုတ် ၂၇ ရက် မနေ့က ညပိုင်းကတည်းက ပစ်ခတ်သံတွေ စတင်ကြားနေရတာဖြစ်ပြီး ဒီကနေ့မနက်မှာ တိုက်ပွဲပိုမိုပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“မနက် ၇ နာရီထဲက ဟောင်ဝစ်ဇာတွေနဲ့ ထုနေတာ၊ ဂျက်ဖိုက်တာနဲ့လည်း ပစ်တယ်။ လောလောဆယ်တော့ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ချောင်းဦးမှာ အင်အားအကြီးဆုံး ပျူရွာက ကံကြီးကုန်းပဲ။”လို့ ချောင်းဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ မုံရွာမြို့အထွက် စွမ်းရည်ထက်ဆီဆိုင်မှာ အထိုင်ချထားတဲ့စစ်တပ်က ဟောင်ဝစ်ဇာတွေနဲ့ လက်နက်ကြီးပစ်ကူပေးနေပြီး မုံရွာဇက်ဆိပ်ကနေ ဖလက်သင်္ဘော ၂စီး အင်အား ၁၅၀ ကျော်နဲ့ စစ်ကူလာနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း ကံကြီးကုန်းပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ မနက် ၆နာရီမှာ အင်အားအလုံးရင်းနဲ့ ဝင်တိုက်ခိုက်နေပြီး စခန်းကုန်းနားထိ ဝင်ရောက်ထိုးဖောက်နေပြီလို့ ပြောဆိုနေကြပါတယ်။

ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်း၊ ကင်မွန်းတော်၊ ကံဇီး စတဲ့ ပျူစောထီးရွာ ၃ ရွာရှိပြီး ချောင်းဦးမြို့နဲ့ ၉ မိုင်နီးပါးဝေးတဲ့ ကံကြီးကုန်းရွာကတော့ ပျူစောထီးအင်အားအကောင်းဆုံးရွာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ချောင်းဦးမြို့နယ်ထဲက လမ်းပိုင်းတွေဖြစ်တဲ့ မုံရွာ-ချောင်းဦး၊ မုံရွာ-အမြင့်လမ်းပိုင်းနဲ့ ချင်းတွင်းမြစ်ကြောင်း (မုံရွာဇာတ်ဆိပ်မှ ဆင်ဖြူရှင်တံတားအထိ) ကား၊ မော်တော်-စက်လှေတွေ ခေတ္တအသွားအလာမပြုလုပ်ကြဖို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ မနက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #ကံကြီးကုန်း #ပျူစောထီး #စခန်းသိမ်းတိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10