ချောင်းရေကြီးလို့ CDF-Asho နောက်တန်းစခန်းရေမြုပ်ပြီး သီးနှံစိုက်ခင်းတွေပျက်စီး

ချောင်းရေကြီးလို့ CDF-Asho နောက်တန်းစခန်းရေမြုပ်ပြီး သီးနှံစိုက်ခင်းတွေပျက်စီး

မိုးဆက်တိုက်ရွာလို့ မကွေးတိုင်းအတွင်း အခြေစိုက်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ CDF- Asho နောက်တန်းစခန်း ချောင်းရေကြီးပြီး အဆောင်တချို့ ရေနောက်မျောပါခဲ့သလို သီးနှံစိုက်ခင်းတွေလည်း ရေမြုပ်ခဲ့ပါတယ်။

သြဂုတ်လ ၁ ရက် ဝါဆိုလပြည့်နေ့မှာကတည်းက မိုးဆက်တိုက်ရွာနေခဲ့တာကြောင့် ချောင်းရေတောက်လျှောက်တက်နေခဲ့ပြီး မိုးရွာလည်းမပြတ်လို့ သြဂုတ်လ ၈ ရက် မနေ့ကမနက် ၃ နာရီခွဲလောက်မှာ တောင်ကျချောင်းရေ အလုံးအရင်းနဲ့ ကျလာခဲ့တာလို့ ဆိုပါတယ်။

"မနက် ၃ နာရီဝန်းကျင်လောက်မှာ တပ်စိတ်က ရဲဘော်နှစ်ယောက် သူတို့အဆောင်အပေါ်ရေတက်လာတယ်ဆိုပြီး ကျနော့်အဆောင် ရုံးကို ရောက်လာကြပါတယ်။ မိုးကလည်း တညလုံး မပြတ်ရွာနေတယ်။ ၃ ခွဲလောက်မှာ အဆောင်အောက်ကြည့်လိုက်တော့ မြေပြင်နဲ့ နှစ်ပေကျော်ကျော်ရေတက်နေပြီ" လို့ CDF- Asho ဌာနချုပ်စခန်းတာဝန်ခံ ဆလိုင်းလီယိုက ပြောပါတယ်။

ချောင်းရေနဲ့အတူ ခုတ်ထွင်ရေးပစ္စည်း(ဓား၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူရွင်းငန်းပြား)တွေ ရေနဲ့မျောပါသွားသလို ရဲဘော်အဆောင်တွေ နဲ့ ဆောက်လက်စ ဆေးခန်းအဆောင်လည်း ရေနဲ့မျောပါသွားခဲ့တယ်လို့ ပြောပါတယ်။

"ဆေးဝါးပစ္စည်းတွေကိုတော့ မကြာခင်ကမှပြည်သူတွေက လှူဒါန်းပေးတာပါ။ ဆေးခန်းအဆောင်လေး ဆောက်လုပ်နေဆဲ ဖြစ်တာကြောင့် ဆေးဝါးတွေကို ရုံးအဆောင်မှာ ထားထားရတာပါ။ ဆေးဝါးပစ္စည်းတွေတော့ ပါမသွားပါဘူး။" လို့ ဆလိုင်းလီယိုက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေမှာလည်း မိုးရွာရေကြီးတာတွေရှိခဲ့ပေမယ့် အခုနှစ်လောက်မဖြစ်ခဲ့လို့ အဆောင်တွေ ရုံးတွေကို ချောင်းဘေးမှာဆောက်လုပ်ထားခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်က ဝါထပ်တဲ့နှစ်လည်းဖြစ်သလို လပြည့်နေ့ကစပြီး ၇ ရက်ဆက်တိုက်လောက်မိုးအဆက်မပြတ်ရွာနေလို့ နေရာအတော်များများမှာ ရေကြီး ရေလျှံဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေအနည်းငယ်ပြန်ကျသွားပြီဖြစ်ပေမယ့် စခန်းမှာစိုက်ပျိုးထားတဲ့ သီးနှံတွေ ရေမြုပ်သွားလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး ရဲဘော်/ရဲမေတွေလည်း ရေစိုနေတဲ့ အဝတ်အစားတွေပြန်ဝတ်နေကြရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#မကွေးသတင်း #ချောင်းရေကြီး #မိုးသည်း #CDF #သတင်း #အရှိုချင်းလက်နက်ကိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10