ခြုံကြီးရွာ စီးနင်းခံရမှုမှာ PDF တွေအပါ ၅ ဦးကျဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးသေဆုံး

ခြုံကြီးရွာ စီးနင်းခံရမှုမှာ PDF တွေအပါ ၅ ဦးကျဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်သားတွေက စီးနင်းဝင်ရောက်ပြီး PDF ရဲဘော်တွေအပါ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ရေးလှုပ်ရှားမှုပြုလုပ်ဖို့အတွက် ခြုံကြီးကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စုဝေးနေချိန် စက်တင်ဘာလ ၁၆ ရက်မနက် ၆ နာရီလောက်မှာ အရပ်ဝတ်နဲ့စစ်သား ၃၀ လောက်ကကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့က (စကစ) ယူနီဖောင်းလည်းမပါတော့ ကျနော်တို့မဟာမိတ်တွေအနေနဲ့ ဝင်လာတယ်ပဲ ကင်းသမားတွေက ထင်လိုက်တာ။ အဲ့ဒီအချိန်မှာ ရင်း ၃ အိုင်အို ကိုဖက်တီးနဲ့ ခရိုင်ပကဖက ကိုအီးတီတို့က မုန့်စားဖို့ထွက်လာတာ။ မင်းတို့ဘယ်သွားမှာလဲလို့ လှမ်းမေးတော့ ကိုဖက်တီးက ကျနော် ရင်း ၃ ကပါလို့ ပြန်ပြောလိုက်တယ်။ ရင်း ၃ ကဆို မှောက်ဆိုပြီး ဖမ်းသွားတာ။ အဲ့ဒီအချိန်မှာအကုန် ဝရုန်းသုံးကား ဖြစ်သွားတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ရွာရဲ့နေရာတော်တော် များများကို စစ်တပ်က စီးထားနေပြီ"လို့ ဒေသခံကပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၃ မှ အိုင်အိုအို ဖက်တီး၊ မြင်းခြံခရိုင်ပကဖမှ ကိုအီးတီ၊ ရဲဘော်ငထွန်း၊ ဒေသခံတွေဖြစ်တဲ့ ကိုကုလား၊ ကိုကျော်သက်၊ ကိုဘောကြီးတို့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ရဲဘော်ငထွန်းကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ကာ ကျန် ၅ ဦးက အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

ဘုရားကုန်းပေါ်ကနေ ကိုအီးတီနဲ့ ကိုဖက်တီးတို့ကို စစ်ဆေးမေးမြန်းသံတွေကြားရပြီး ကိုဖက်တီး အော်ဟစ်သံတွေလည်း ကြားခဲ့ရကာ အဲဒီနောက်မှာသေနတ်သံတွေထွက်လာပြီး ဖမ်းဆီးခံထားရသူ ၅ ယောက်လုံးကို စစ်တပ်ကပစ်သတ်လိုက်တာလို့ ဆိုပါတယ်။ 

အဲ့ဒီအချိန်မှာ ကျေးရွာအတွင်းပြည်သူတွေရှိနေတာနဲ့ ရဲဘော်တွေဖမ်းဆီးခံထားရတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်ကလည်း တပ်ပြန်ဆုတ်ခဲ့ရပြီးနောက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ 

တိုက်ပွဲဖြစ်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ Mi-35 တစီး၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ ကျေးရွာထဲကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်သည် အမျိုးသမီးတဦးသေဆုံးကာ ဒေသခံ ၁၁ ဦးလောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ စစ်တပ်တပ်စွဲသွားတဲ့ဘုရားကုန်းပေါ်ကနေ စက်တင်ဘာ ၁၇ ရက်ဒီနေ့မှာတွေ့ရှိခဲ့ပြီး သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ခြုံကြီးရွာတိုက်ပွဲမှာ အလောင်း ၁၁ လောင်းတွေ့ရှိပြီး ၄ ဦးအရှင်ဖမ်းမိကာ သေနတ် ၁ လက်၊ ကျည်၊ ခဲယမ်းတွေနဲ့ ကား ၃ စီးကို ရရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီမနက်ပိုင်းမှာတော့ ခြုံကြီးရွာမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာကနေပြန်ဆုတ်သွားပြီး  ရွာမြောက်ဘက်ရှိ  မြင်းခြံသံမဏိစက်ရုံမှာတော့ အင်အားအများအပြားနဲ့ ရှိနေကြသေးတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်ထားသော PDF များ၏ လက်နက်နှင့်ကားများ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တောင်သာ #ခြုံကြီးရွာ #စီးနင်းမှု #PDF #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10