ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက် စခန်းမှူးထွက်ပြေးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး လက်နက် ၉ လက်နဲ့ သုံ့ပန်း ၇ ဦးရခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၉ ဒီကနေ့ မနက် ၄ နာရီမှာ ရဲအင်အား ၂၂ ယောက်ရှိတဲ့ ငါန်းမြာကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီမှာ တိုက်ပွဲပြီးခဲ့ကာ စစ်ကောင်စီက လေကြောင်းနဲ့ ၅ ကြိမ်ခန့် ပစ်ကူပေးခဲ့ပေမယ့် ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းမှူးကတော့ ထွက်ပြေးသွားတယ်။ တချို့က ဆုတ်ပြေးကြတယ်၊ တချို့ကလည်း ခံပစ်တယ်၊ အသေတော့ မရဘူး။ အကုန်လုံး အရှင်မိတယ်။ အရေးနိမ့်မှန်းသိတော့ လက်နက်ချ အလံဖြူထောင်တယ်။ မထွက်ရင် ပစ်သတ်မယ်ဆိုမှ ထွက်လာတဲ့ဟာတွေလည်း ပါတယ်။” လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လုပ်သက် ၃၅ နှစ်ရှိ တပ်ကြပ်ကြီး အောင်ကျော်ဦး၊ ဒုတပ်ကြပ် ကျော်ဇေယျနဲ့ ရဲတပ်သား ၃ ဦး၊ ရဲမိန်းမ ၂ ဦးတို့ကို အရှင်ဖမ်းမိခဲ့ပြီး ဒုတပ်ကြပ် ကျော်ဇေယျက နွားထိုးကြီးရဲစခန်းသိမ်းခံရလို့ ငါန်းမြာကြီးရဲစခန်းကို ပြောင်းရွှေ့လာသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် G 3 ၅ လက်၊ အူဇီ ၂ လက်၊ ပစ္စတို ၁ လက်၊ Semi Auto Bren စက်ကလေး ၁ လက်၊ စက်ကလေးကျည် ၅၀၀၊ ကျည်မျိုးစုံ စိစစ်ဆဲ၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာ ၅ ထည်၊ ကျည်ကာဦးထုပ် ၃ လုံး၊ စကားပြောစက် ၁ လုံး၊ ဓား ၂ လက်၊ လက်ထိပ် ၁ ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ငါန်းမြာကြီးရွာဟာ ငါန်းဇွန်နယ်ထဲက ရွာကြီးတခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ငါန်းမြာကျေးရွာမှာ လူဦးရေ စုစုပေါင်း ၅၀၀၀ ကျော် နေထိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲကို CDSOM နဲ့ မန္တလေးခရိုင် တပ်ရင်း ၅ တို့က ဦးဆောင်ပြီး Myingyan Hero၊ Black Tiger၊ ငန်းနက် ရပ်ကျေးပကဖနဲ့ နယ်မြေခံအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ်-HP

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့ #ငါန်းမြာကြီး #ရဲစခန်း #ကာကွယ်ရေးတပ် #သုံ့ပန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10