စစ်ကိုင်းက အရပ်သား ၃ ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်

စစ်ကိုင်းက အရပ်သား ၃ ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်

စစ်ကိုင်းမြို့မှာ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၃ ဦးကို PDF လို့ စွပ်စွဲကာ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်က စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့ သွားရောက်မယ့် အသက် ၂၄ နှစ်အရွယ် ကိုပေါင်ချိန်နဲ့ အသက် ၃၁ နှစ်အရွယ် ကိုသန့်ဇော်လင်းတို့ကို စစ်ကိုင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းနဲ့ တောင်ကြားရွာကို ကားမောင်းနေတဲ့ အသက် ၄၀ အရွယ် ဦးအောင်ကိုမြင့်လည်း အဲဒီနေ့မှာပဲ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို စက်တင်ဘာ ၂၈ ရက်မှာ ကြွယ်ပုံရွာအနီးမှာ PDF လို့ စွပ်စွဲပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေက သတ်ပစ်လိုက်တာလို့ သိရပါတယ်။

"ဝတ်ပေးထားတဲ့ ယူနီဖောင်းကလည်း ဒီဘက်က အဖွဲ့တွေသုံးတဲ့ယူနီဖောင်း မဟုတ်ဘူး။ နောက်ပြီး ကားသမားကို ကားရောပါ ဖမ်းလိုက်တာ။ အဲဒီကားကလည်း အခုကြွယ်ပုံကို ရောက်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်က ကြွယ်ပုံရွာမှာ အမျိုးသမီး ၁၂ သတ်ဖြတ်ခံရပြီးတဲ့နောက် ပျူစောထီးတွေက ပြည်သူ တွေကို ဖမ်းဆီးပြီး အခုလို စွပ်စွဲသတ်ဖြတ်တာတွေလုပ်နေတာလို့ ဆိုပါတယ်။

ဒီတပတ်ထဲမှာပဲ စစ်ကိုင်း-မုံရွာလမ်းပေါ်က နတ်ခရ်ိုင်ကျေးရွာကဒေသခံအများအပြားကိုလည်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းမြို့ #အရပ်သားပြည်သူ #PDF #စစ်ကောင်စီ #ကြွယ်ပုံရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10