သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီကဖမ်းထားတဲ့ စစ်ရှောင်ပြည်သူ ၆၀ ဦးဝန်းကျင်ကို အောက်တိုဘာ ၂၈ ရက် ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ကြို့ပင်ကောက်မြို့နယ် အခြေစိုက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူးက ပြောပါတယ်။
ကြို့ပင်ကောက်မြို့နဲ့ ၁၂ မိုင်ခန့်အကွာ ဥယျာဉ်ကြီးရွာနဲ့ အေးရွာလေးရွာက ကလေးငယ်နဲ့ အမျိုးသား အမျိုးသမီးအပါ ၆၀ ဦးဝန်းကျင်ခန့်ကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက အေးရွာလေးရွာထိပ်၊ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေချိန်ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။
အဲဒီနေ့ မွန်းလွဲပိုင်းက ဥယျာဉ်ကြီးရွာမှာရှိနေတဲ့စစ်အုပ်စုနဲ့ အေးရွာလေးရွာမှာ ရောက်နေတဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၃ နာရီကြာတိုက်ပွဲဖြစ်အပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်ဆုတ်အပြီးမှာ စစ်ရှောင်တွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်လို့ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတာကို **တွေကရောက်လာပြီး ဖမ်းထားတာ၊ ပြန်လွှတ်မပေးဘူး။ ခုထိကျစွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတုန်း၊ အင်အားကလည်း ၇၀ လောက်ရှိတယ်။” လို့ တပ်ခွဲမှူးကိုကရင်လေးက ပြောပါတယ်။
အခုလို ပြည်သူတွေကိုဖမ်းဆီးထားတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်အုပ်စုကိုတိုက်ဖို့ အခက်တွေ့နေသလို စစ်အုပ်စုကလည်း ကျစွာဘုန်းတော်ကြီးကျောင်းဝန်းထဲကနေ တောတောင်တွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ကြဲချတာတွေလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံတဦးကလည်း အဲဒီကျေးရွာ ၂ ရွာပေါင်းဟာ ပျမ်းမျှလူဦးရေ ၄၀၀ ဝန်းကျင်လောက်ရှိပြီး ရွာလုံးကျွတ် စစ်ရှောင်နေကြပြီး တချို့ဟာမြို့ပေါ်ကို တိမ်းရှောင်သူရှိသလို တခြားရွာတွေကို တိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက် ဒီနေ့အချိန်ထိ နှစ်ဘက်ပစ်ခတ်မှုမရှိပေမယ့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ကိုကရင်လေးက ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီလောက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဥယျာဉ်ကြီးရွာထိပ်ကနေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံးသူတွေရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မွန်းလွဲပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းနေ အင်အား ၃၀ ဦးခန့်နဲ့ထွက်လာတဲ့ စစ်ကြောင်းကို ဝိုင်းရွာအုပ်စု ဆေးခန်းအနီး ကနေ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ - စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ကြို့ပင်ကောက် #စစ်ကောင်စီ #စစ်ရှောင်ပြည်သူ #သာယာဝတီခရိုင်
Share Share Share