စစ်ကြောင်းထိုးခံနေရတဲ့ ကနီမှာ တော်လှန်ဝါဆိုသပိတ်ပြုလုပ်

စစ်ကြောင်းထိုးခံနေရတဲ့ ကနီမှာ တော်လှန်ဝါဆိုသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ရွာတရွာမှာ စစ်ကြောင်းထိုးခံနေရတဲ့ကြားက ဝါဆိုလပြည့်နေမှာ တော်လှန်ဝါဆိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ၂နှစ်နဲ့ ၆လပြည့်တဲ့ ဝါဆိုလပြည်နေ့မှာ ကနီဒေသက ပြည်သူတွေ ရဟန်းသံဃာကို ဝါဆိုသင်္ကန်းမကပ်နိုင်တာအပြင် စစ်ကြောင်းထိုးခံနေရလို့ ရဟန်းတွေပါ စစ်ရှောင်နေကြရတယ်လို့ သပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

"စစ်ကောင်စီက စစ်ကြောင်းထိုးနေတာမို့ ရွာမှာရှိတဲ့ ရဟန်းသံဃာတွေလည်း အခုလို ဝါဆိုလပြည့်နေ့မှစ ဝါတွင်း ၃ လပတ်လုံး မိမိဝါဆိုတဲ့ ကျောင်းမှာပဲ ဝါဆိုရမယ်ဆိုတဲ့ ဝိနည်းနဲ့အညီ မနေရဘဲ ဝါဆိုလပြည့်နေမှာတောင် စစ်ရှောင်နေရတယ်။ ဒီနေ့မှာ ရဟန်းတွေ ဝါဆိုဖို့ ကျောင်းမရှိဘဲ ဘေးလွတ်ရာ အခြားဘုန်းကြီးကျောင်း သွားဆိုရတယ်" လို့ ဆိုပါတယ်။

ဝါဆိုတောင် ကောင်းကောင်းမဆိုရဘဲ စစ်ဘေးရှောင်နေရပေမယ့် စစ်ဘေးရှောင်နေရတဲ့ တော်လှန်ပြည်သူတွေကလည်း ဖမ်းဆီးခံပြည်သူတွေနဲ့ အတူရှိကြောင်း မေတ္တာပို့တာ၊ မြန်မာ့သမိုင်းအဆက်ဆက် ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် ဆုတောင်းတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"ဝါဆိုလပြည့်ညတွေဆိုရင် ရွာက ဘုန်းကြီးကျောင်း၊ ဘုရားတွေမှာ ဆီမီးတွေ ထွန်းကြတယ်။ အိုးစည်ဒိုးပတ်တွေနဲ့ ရွာထဲ လှည့်ကြတယ်။ ဘုန်းကြီးတွေကို ဝါဆိုသင်္ကန်းတွေ ကပ်ကြတယ်။ ရွာတွေမှာ အိမ်တိုင်းက ပဲကြော်တွေ၊ စာကလေးခွေတွေ ကိုယ့်ဆီနဲ့ကိုကြော်ကြတယ်။ ပြီးတော့ လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အခုဘာမှမလုပ်နိုင်ပါဘူး။" လို့ ဆိုပါတယ်။

အခုလို ကျင်းပရတာဟာ မြန်မာနိုင်ငံက စနစ်ဆိုးမှန်သမျှ အပြတ်ဖြိုဖို့ တော်လှန်ဝါဆိုလုပ်နေရတာဖြစ်ပြီး အစိုးရ အပြောင်းအလဲသာဆိုတဲ့ အခင်းအကျင်းမျိုး အလိုမရှိတာကြောင့် "တော်လှန် ဝါဆို၊ စနစ်ဆိုးကို အပြတ်ဖြို" ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ကနီ #ဝါဆို #စစ်အာဏာရှင် #ဆန့်ကျင်ရေး #ဆန္ဒထုတ်ဖော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10