စစ်တပ်က စစ်ကြောင်းထိုးနေလို့ ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးသော်လည်း အမိန့်ပြန်၊ ဆွမ်းသွတ်တာ မလုပ်နိုင်သေး

စစ်တပ်က စစ်ကြောင်းထိုးနေလို့ ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးသော်လည်း အမိန့်ပြန်၊ ဆွမ်းသွတ်တာ မလုပ်နိုင်သေး

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ - Hero ပြောက်ကျားတပ်ဖွဲ့က ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးပေမယ့် စစ်ရေးအခြေနေကြောင့် အမိန့်ပြန်တာနဲ့  ဆွမ်းသွတ်တာ မလုပ်နိုင်သေးဘူးလို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျဆုံးရဲဘော်ဟာ အသက် ၄၁ နှစ်ရှိ ရဲဘော်အောင်နိုင် (ခ) အောင်အောင် ဖြစ်ပြီး ဇွန် ၁၂ ရက်က အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲမှာ ဦးခေါင်းကို လက်နက်ကြီးကျည်မှန်ကာ နေရာမှာ ကျဆုံးခဲ့တာဖြစ်ပြီး သူ့ကို ဇွန် ၁၃ ရက် မနက်က သင်္ဂြိုဟ်ခဲ့တာလို့ ဆိုပါတယ်။

“မြေကျအောင် သင်္ဂြိုဟ်ပြီးပါပြီ။ ခမ်းခမ်းနားနား လုပ်မပေးနိုင်သေးပါဘူး။ အမိန့်လည်း မပြန်ရသေးဘူး။ စစ်တပ်က ကျနော်တို့ စခန်းကို အရလုံး(စခန်းသိမ်း)မယ် ဆိုပြီး ကြေညာထားတာ။ မရမချင်း ပြန်မဆုတ်ဘူးလို့ သတင်းရတယ်” လို့ Hero ပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုမှာ အင်အား ၁၈၀ ဝန်းကျင်နဲ့ ရှိနေပြီး ဒရုန်း ၆ စင်းလောက်ပါတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်လို့ သူကဆက်ပြောပါတယ်။ 

လူပျိုတဦးဖြစ်တဲ့ ရဲဘော်အောင်နိုင်ဟာ Hero ပြောက်ကျားတပ်ဖွဲ့ဝင်အဖြစ် ၅ လခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ ရက်လည်ဆွမ်းမသွတ်နိုင်သေးဘဲ သင့်တော်မယ့် ကာလတခုမှာ အမျှဝေ ဆွမ်းသွတ်ဖို့ရှိတယ်လို့ ဗိုလ်မိုးကြိုးက ဆက်ပြောပါတယ်။

ရဲဘော်အောင်နိုင်ဟာ ဇွန် ၉ ရက်က အုတ်ဖိုမြို့နယ်အခြေစိုက် YOMA GBK PDF ကနေ စစ်တပ်နဲ့ ပေါင်းသွားတဲ့ တပ်စိတ်မှူး ဆလိုင်း(ခ)လိုင်းယွန်း ဦးဆောင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၄ ရက်ကြာ တိုက်ပွဲရဲ့ ပထမဆုံးနေ့မှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက အုတ်ဖိုမြို့နဲ့ ကြို့ပင်ကောက်မြို့နယ်တို့ဟာ နယ်မြေချင်း ထိစပ်နေတာဖြစ်ပြီး ပဲခူးရိုးမရဲ့ အနောက်ဘက်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ကျဆုံးရဲဘော် ရဲဘော်အောင်နိုင် (ခ) အောင်အောင်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကြို့ပင်ကောက်မြို့ #သာယာဝတီ #Hero #ပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10