စစ်တပ်ကျေးရွာစခန်းတခုကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်၊ တိုက်ပွဲတွင်း စစ်သား ၁၆ ဦးသေပြီး လက်နက်တချို့ရ

စစ်တပ်ကျေးရွာစခန်းတခုကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်၊ တိုက်ပွဲတွင်း စစ်သား ၁၆ ဦးသေပြီး လက်နက်တချို့ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ တမိုင်ခန့်အကွာမှာရှိတဲ့ နန့်သာကျေးရွာက စစ်ကောင်စီစခန်းတခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း စစ်သားသေဆုံးမှုလည်း ရှိကာ လက်နက်တချို့လည်းရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။

နန့်သာရွာဘုန်းကြီးကျောင်း (အောက်ကျောင်း) မှာအထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၀ ဝန်းကျင်ကို ဇွန်လ ၂၂ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လ ၂၈ ရက် ဒီကနေ့ မနက် ၇ နာရီခွဲကျော်မှာ တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီမနက်က စခန်းကိုသိမ်းနိုင်တယ်၊ ၁၆ ယောက်(စကစ) အလောင်းရတယ်၊ အဲ့ထဲမှာ အရာရှိတဦးပါတယ်၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀ လက်ကျော်ရတယ်။” လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေနဲ့ နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကူအနေနဲ့ အင်းတော်မြို့ကနေ တပ်သား ၄၀၊ နဘားရွာကနေ တပ်သား ၆၀ စစ်ကူလာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းကိုလည်း ကန်ညီနောင်နဲ့ သက္ကကျင်းရွာထိပ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စခန်းမပေးရရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အများအပြားသုံးခဲ့ကာ တိုက်ပွဲစဖြစ်တဲ့ ဇွန်လ ၂၂ ရက် ညသန်းခေါင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နန့်သာရွာဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ကစလို့ တရွာလုံးနီးပါး စစ်ရှောင်နေကြရတာဖြစ်ပြီး ရွာမှာကျန်နေခဲ့တဲ့ ပြည်သူတချို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ချိန်မှာ ရှောင်တိမ်းခွင့်မပေးဘဲ လူသားဒိုင်းအနေနဲ့သုံးကာ ဘုန်းကြီးကျောင်းထဲမှာ ပိတ်ထားတာကြောင့် အခုလို အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #တိုက်ခိုက် #ကာကွယ်ရေးတပ် #စခန်းသိမ်းပိုက် #သေဆုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10