စစ်တပ်က ချေမှုန်းဖို့ထက် ခံစစ်ကိုပဲ ပိုပြီးပြင်ရတော့မယ့် အနေအထားလို့ PDF ဆို

စစ်တပ်က ချေမှုန်းဖို့ထက် ခံစစ်ကိုပဲ ပိုပြီးပြင်ရတော့မယ့် အနေအထားလို့ PDF ဆို

မင်းအောင်လှိုင်စစ်တပ်က PDF တွေ ERO တွေကို ချေမှုန်းဖို့ထက် သူတို့က ခံစစ်ကိုပဲ ပိုပြီး ပြင်ဆင်ရတော့မယ့် အနေအထားဖြစ်နေပါတယ်လို့ PRA မကွေး စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ၇၈ နှစ်မြောက်တပ်မတော်နေ့ မိန့်ခွန်းမှာပြောလိုက်တဲ့ NUG၊ PDF နဲ့ ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတဲ့ စကားကို PDF အချို့က တုံ့ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူဖြစ်ချင်တာကို ပြောဆိုနေတာသာဖြစ်ပြီး တကယ့် လက်တွေ့မှာ မင်းအောင်လှိုင်စစ်တပ်က PDF တွေ EROs တွေရဲ့ ချေမှုန်းခြင်းကိုသာ ခံနေရတာဟာ လက်တွေ့မြေပြင်မှာ ပကတိအမှန်တရားပဲဖြစ်တယ်လို့ ဟာကျုလီက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေစိုက်ပြီး မြေလတ်ဒေသက လူငယ်တွေနဲ့ ဧရာဝတီတိုင်းက လူငယ်တွေပါဝင်တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) တာဝန်ခံတဦးကလည်း စစ်ခေါင်းဆောင်အနေနဲ့ အခုလိုတွေပြောနေတာဟာ အာဏာသိမ်းစကတည်းက ပြောနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ကိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အပြီးသတ်ချေမှုန်းလိုက်မယ်တို့ ဘာတို့ဆိုတာ ဟိုအစောကြီးကတည်းက ပြောနေတာဖြစ်တဲ့အတွက် ဒီကိစ္စကိုကျနော်တို့ ထူးထူးထွေထွေတော့ မခံစားရဘူး။ တပ်တွင်းစည်းရုံးရေးအရ သူ့ဟာသူ နိုင်ငံတကာဖိအားတွေကြောင့် အခြေအနေတခုအရ ပြောတယ်လို့ ကျနော်တို့နားလည်တယ်။ ဒီအပေါ်မှာ ဘာမှခံစားမနေဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်" လို့ PIA က တာဝန်ခံ ကိုမိုးနေလက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ခိုင်မာအောင်တည်ဆောက်သလို ကျစ်လစ်အောင်ပူးပေါင်းဆောင်ရွက်ပြီး သံသယကင်းကင်း၊ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်ပြီးတိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်လို့ ဆက်ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်တခုဖြစ်တဲ့ CDF(Asho) ရဲ့ တာဝန်ရှိသူတယောက်ကလည်း စစ်ခေါင်းဆောင်အနေနဲ့ ဘာတွေပဲ ပြောနေပါစေ သူတို့အနေနဲ့ကတော့ အာဏာရှင်ကို ရရာလက်နက်ဆွဲပြီး ရတဲ့ပုံစံနဲ့ဆက်ပြီး တော်လှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ရန်သူဘက်ကလည်း ရန်သူအလုပ်ဖြစ်တဲ့ ကျနော်တို့ကို ချေမှုန်းသွားမယ်လို့ ယုံကြည်ထားသလို ကျနော်တို့ကလည်း တော်လှန်ရေးသက်တမ်းနုတဲ့ တော်လှန်ရေးသမားတွေဖြစ်တယ်ဆိုသည့်တိုင်အောင်ပဲ ကျနော်တို့သည် ကောင်းမွန်တဲ့ဗျူဟာတွေ တုံ့ပြန်မှုတွေနဲ့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်"

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က NUG၊ PDF နဲ့ ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောဆိုပြီးနောက်ပိုင်းမှာပဲ ကရင်ပြည်နယ်က မြို့နယ်အချို့က စစ်စခန်းအချို့ အသိမ်းခံလိုက်ရတာတွေ ရှိခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10