စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေး၁ဦးသေဆုံးပြီး ၅ လသားကလေးအပါ ၉ ဦးဒဏ်ရာရ

စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေး၁ဦးသေဆုံးပြီး ၅ လသားကလေးအပါ ၉ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတဝိုက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးသေဆုံးကာ ကလေး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက် မနေ့က ညနေ ၄ နာရီ ဝန်းကျင်မှာ တံတားဦးကတက်လာတဲ့ A5 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“အဲ့ရွာ (မနော်သာရွာ)နားမှာ တိုက်ပွဲဖြစ်တယ်၊ **တွေက ရွာသားတွေကို ထွက်ခွင့်လည်းမပေးဘူး၊ **တွေက ပြန်ဆုတ်ချိန် ပြည်သူတွေကို ကာထုတ်တာ၊ လေကြောင်းထိတဲ့ မိသားစုတွေက စာသင်ကျောင်းမှာ ပုန်းနေခဲ့တာ၊ ကိုယ့်ဘက်က သွားကယ်ထုတ်လို့ ထွက်လာတဲ့အချိန် လေကြောင်းနဲ့ ပစ်လို့ထိတာ။”လို့ မြေပြင်နဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲရလို့ အသက် ၃ နှစ်အရွယ် မမေသက်ဇွန် သေဆုံးပြီး၊ ၅ လသားအရွယ် မသက်ထူးမွန်၊ အသက် ၅ နှစ်အရွယ် မလှယမင်း၊ မောင်လင်းလက်ကြယ်၊ အသက် ၉ နှစ်အရွယ် မောင်ရှိုင်းမြတ်၊ အသက် ၁၀ နှစ်အရွယ် မောင်လှဘုန်းမြင့်၊ အသက် ၁၁ နှစ်အရွယ် မောင်စိုးသူအောင်၊ အသက် ၁၃ နှစ်အရွယ် မဆောင်းနှင်းဝေ၊ အသက် ၁၆နှစ်အရွယ် မောင်ဝေဖြိုးနဲ့  ဦးသာချို ၆၅ နှစ်တို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ်စပ် ကျေးရွာတွေဖြစ်တဲ့ ကျွန်းကုန်း၊ အင်းကြင်းမော်၊ မနော်သာကျေးရွာ တဝိုက်မှာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ ၄ ရက်ခန့်ရှိနေပြီး လေကြောင်း တိုက်ခိုက်တာတွေကြောင့် ပြည်သူသေဆုံးထိခိုက်နဲ့ အဆောက်အဦး ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“အဲ့နေရာက ပွဲဖြစ်နေတာ၊ ဂျက်ဖိုက်တာနဲ့ ချနေတာတွေ ကြားနေရတယ်၊ ပွဲမဖြစ်တဲ့ ဒေသတွေမှာရော အနီးနားက ရွာတွေမှာရော ကြဲနေတာ၊ လေယာဉ်ကလည်း ကြဲတာ တော်တော် များတာ၊ တရက်တရက်ကို ၂ စီး ၃ စီးနဲ့  ၂ခေါက် ၃ခေါက်လောက်ကို လာလာကြဲတာ။” လို့ ဖောင်းပြင်ဒေသခံတဦးက ပြောပါတယ်။

ဧပြီ ၂ ရက် ဒီမနက်ပိုင်းမှာလည်း ကျွန်းကုန်းရွာကို ဟုမ္မလင်းကတက်လာတဲ့ Mi 2 နဲ့ မနက် ၇ နာရီခွဲမှာ တကြိမ်၊ ၈ နာရီခွဲမှာ တကြိမ်၊ ၁၀ နာရီမှာ တကြိမ် ၃ ကြိမ်တိတိ လေကြောင်းနဲ့ ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဟုမ္မလင်း #လေကြောင်း #တိုက်ခိုက် #ကလေးသေဆုံး #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10