စစ်တောင်းမြစ်ဘေးက အိမ်တချို့ ရေနောက်မျောပါ၊ ကူညီသူတွေရောက်မလာသေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းရွာအရှေ့ပိုင်းဟာ စစ်တောင်းမြစ်ရေတက်လို့ စက်တင်ဘာ ၁၃ ရက် ဒီမနက်မှာ အနည်းဆုံး နေအိမ် ၃လုံး ရေနောက်မျောပါသွားပြီး ကူညီကယ်ဆယ်သူတွေရောက်ရှိမလာသေးဘူးလို့ ဒေသခံတဦးဆီက သိရပါတယ်။

ရွှေကစောင်းရွာအရှေ့ပိုင်းဟာ စစ်တောင်းမြစ်နဲ့  စစ်တောင်းမြစ်ကိုကာထားတဲ့ ရွှေကစောင်းတမံကြားမှာတည်ရှိနေတာလို့ ဆိုပါတယ်။

ဒေသခံတဦးကလည်း တမံအဆင်းမှာရှိတဲ့သူ့ရဲ့ဦးလေးတော်စပ်သူ နေအိမ်‌ရေထဲလိမ့်ပါသွားပြီး ဒီနေ့နေ့လယ်ပိုင်းအထိရေကတန့်နေတယ်လို့ဆိုပါတယ်။

စစ်တောင်းမြစ်ကမ်းဘေးတလျှောက်ရှိ ဆွာဝပေါက်၊ သရက်တော၊ ကူးတို့ဆိပ်၊ ဆွာသောင်ကမ်း၊ ဆွာသောင်ကြီးရွာ စတဲ့ကျေးရွာတွေဟာလည်း ရေဝင်ရောက်မှုဒဏ်ကို ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင်ရွာထဲကနီးစပ်ရာအမြင့်ပိုင်းနေအိမ်တွေမှာစုပေါင်းပြီးနေနေကြရတယ်လို့လည်းရွှေကစောင်းရွာအရှေ့ခြမ်းက အမျိုးသမီးတဦးကပြောပါတယ်။

လက်ရှိမှာနေအိမ်ပေါ်ကို ခပ်တင်ထားတဲ့ရေကို ‌သောက်သုံးနေရပြီး အခြားအိမ်တွေကထင်းတွေနဲ့ ချက်ပြုတ်စားသောက်နေရကာ တရက် နှစ်ရက်သာ တောင့်ခံနိုင်ပြီး နေအိမ်အချို့မှာ လက်ရှိအချိန်ထိ စားသောက်ဖို့ အဆင်မပြေကြဘဲ ‌ကျေးရွာသားတချို့ ပြောင်းရွှေ့တာတွေရှိသလို ကျေးရွာအတွင်းမှာ ဆက်လက်နေထိုင်နေသူတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေကစောင်းရွာအရှေ့ပိုင်းကို လွန်ခဲ့တဲ့ သုံးရက်ကစကာ မြစ်ရေစတင်ဝင်‌‌ရောက်တာဖြစ်ပြီး အိမ်ထောင်စု ၁၃၀ ကျော်ရှိကာ လူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တောင်းမြစ်ကို ကာထားတဲ့အမြင့် ၁၀ ပေခန့်ရှိတဲ့ တမံကိုလည်းမြစ်ရေကျော်နေတဲ့အတွက် ရွှေကစောင်းရွာရဲ့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းကိုလည်း မြစ်ရေတွေ ဝင်ရောက်နေတယ်လို့ ပြောပါတယ်။

အလားတူ ဒီနေ့မနက်ပိုင်းမှာလည်း စစ်တောင်းမြစ်ရေတက်တဲ့အတွက် တောင်ငူမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ရွှေကစောင်းရွာ #ရေနစ်မြုပ် #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10