သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဘုတလင်မြို့နယ်၊ စီပါရွာထဲသို့ စစ်ကောင်စီစစ်ကြောင်းဝင်ခဲ့သည့် အောက်တိုဘာ ၁၇ ရက်က မမြင့် (အမည်လွှဲ)တယောက် ရွာထဲမှာမရှိဘဲ ခြံထွက်သီးနှံတချို့ကို တဖက်ရွာသို့ သွားရောက် ရောင်းချနေခဲ့သည်။ စစ်ကြောင်းဝင်သည့်သတင်းကိုသိသည်နှင့် ရွာကိုပြန်မလာတော့ဘဲ တခြားကျေးရွာတွင် တိမ်းရှောင်နေခဲ့သည်။
စီပါရွာထဲတွင်ကျန်ခဲ့သော ခန္ဓာကိုယ်မလှုပ်ရှားနိုင်သည့် မောင်ဖြစ်သူနှင့် အသက် ၇၀ ကျော်အရွယ် အမေဖြစ်သူကို စစ်ကြောင်းဝင်သည့်နေ့တွင် အနီးကျေးရွာမှ မောင်ဝမ်းကွဲဖြစ်သူက လှည်းဖြင့် လာခေါ်သည့်အတွက် စစ်ကြောင်းနှင့် မတိုးခဲ့ချေ။
အသက် ၇၆ နှစ်အရွယ်အဖေဖြစ်သူ ဦးတင်လှိုင်သည်လည်း သူ့အသိမိတ်ဆွေ ၅ ဦးနှင့်အတူ စီပါရွာဘုန်းကြီးကျောင်း (သြဇာကျောင်း) အနီး တဲ ၁ ခုတွင် တိမ်းရှောင်နေသည်။
ထိုနေ့မှစ၍ ရွာတွင်ကျန်ခဲ့သည့် ဖခင်ဖြစ်သူနှင့်မတွေ့ရတော့ဘဲ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှ သူ့ဖခင်သေဆုံးကြောင်းသတင်းကို ကြားခဲ့သည်ဟု မမြင့်က ဆိုသည်။
ကြားလိုက်ရသည့်သတင်းတခုကြောင့် မမြင့် တုန်လှုပ်ခြောက်ခြားသွားသည်။ ဖခင်ဖြစ်သူ သေဆုံးပြီ ဆိုသည့်သတင်း။ သွေးရိုးသားရိုး သေဆုံးခဲ့ခြင်းမဟုတ်။ ကျေးရွာအတွင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အမကတော့ (ဦးတင်လှိုင်နှင့်အတူတိမ်းရှောင်နေသူ) လူလည်းများတယ်။ သူ မသွားလောက်ဘူး။ မပါလောက်ဘူးဆိုပြီးပဲ အမတို့က ထင်ထားတာလေ။ ဖြစ်တာက လပြည့်ကျော် ၁ ရက်နေ့။ ၂ ရက်နေ့မှာ သူ့ကို ခေါင်းဖြတ်တယ်ဆိုတာကို သတင်းကြားရတာ။” ဟု မမြင့်က ဆိုသည်။
ထိုသတင်းကိုကြားကြားချင်း ဖခင်ရုပ်အလောင်းရှိရာကို အပြေးသွားရမည့်အစား ဖခင်၏သေဆုံးပုံကို မမြင်ရက်တော့သည့်အတွက် မမြင့်တယောက် မသွားဖို့သာဆုံးဖြတ်ချက်ချလိုက်သည်။
ဖခင်ဖြစ်သူ ဦးတင်လှိုင်အသတ်ခံလိုက်ရသည့်သတင်းကို ကြားပြီးနောက် ဖြစ်ပေါ်ခဲ့သည့် သူ၏ စိတ်အခြေအနေကို မမြင့်က ယခုလို ပြန်ပြောပြသည်။
“အဖေခေါင်းဖြတ်(ပြတ်)တယ်လို့ ပြောကတည်းကိုက အမတို့က အဖေ့ဆီကို သွားချင်စိတ်ကို မရှိတော့တာ။ နောက်ဆုံးခရီးကို ပြည်ပြည့်ဝဝ မပို့ဆောင်နိုင်တာ စိတ်ထဲခံပြင်းတာကလွဲလို့ ကြည့်လည်း မကြည့်ချင်ဘူး၊ သွားလည်းမသွားချင်ဘူး အဲ့လိုဖြစ်တာပါ။”
အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် မမြင့်တို့ နေထိုင်သည်။
ထိုရွာကို အောက်တိုဘာ ၁၇ ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီကအင်အား ၁၀၀ ကျော်နှင့် အဖွဲ့ ၂ ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ရွာတောင်ဘက်နှင့် အရှေ့ဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာထဲကိုရောက်သည်နှင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး နေအိမ်များကို မီးရှို့ခဲ့သည်။
ထို့နောက် စီပါရွာသား ၅ ဦးနှင့် ဓားစာခံအမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးကို ရွာထဲတွင် နှိပ်စက်သတ်ဖြတ်ခဲ့သည်။
စီပါရွာသား အသက် ၇၆ နှစ်အရွယ် ဦးတင်လှိုင်၊ အသက် ၄၀ ကျော်အရွယ် ဦးကြောင်ပိုနှင့် ဦးသက်အောင်တို့ကို ဦးခေါင်းနှင့်ခန္ခာကိုယ်အစိတ်အပိုင်းများကို တစစီခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး အသက် ၇၀ အရွယ် ဦးရာစိန်၊ ဦးဌေးလွင်နှင့် တခြားရွာမှ ဖမ်းဆီးလာသည့် ဓားစာခံအမျိုးသား ၁ ဦးကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ခေါင်းဖြတ်အသတ်ခံထားရသည့် ရုပ်အလောင်းများကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် စီပါကျေးရွာသား ၁ ဦးဖြစ်သည့် ကိုမျိုး (အမည်လွှဲ)က “ကျနော့်အထင်ကတော့ အရှင်လတ်လတ် လုပ်ခဲ့တာလို့ ထင်တယ်ဗျ။ ၁ ယောက်ကတော့ ထောင့်ဆုံး ခေါင်း ၁ ခေါင်းက မျက်နှာကို ဓားနဲ့မွှန်းထားတာပါတယ်။ မျက်နှာဘယ်ဘက်ခြမ်းမှာ ဓားနဲ့မွှန်းထားတဲ့ဟာ ပါတယ်။” ဟု ပြောသည်။
စစ်ကြောင်းဝင်လာသည့်အတွက် ရွာသူ၊ ရွာသားများမှာ အသက်ဘေးလွတ်ဖို့သာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရင်း သီတင်းကျွတ်လပြည်နေ့ကိုပင် သတိမမူနိုင်ခဲ့ကြပေ။
မမြင့်၏ဖခင် ဦးတင်လှိုင်သည် သူ့အသိမိတ်ဆွေ ၅ ဦးနှင့်အတူ စီပါရွာဘုန်းကြီးကျောင်း (သြဇာကျောင်း) အနီးတဲ ၁ ခုတွင် တိမ်းရှောင်နေသည်။ ထို့နောက် သတင်းအခြေအနေကို စုံစမ်းမည်ဆိုကာ ထွက်သွားပြီး ဘုန်းကြီးကျောင်းကိုရောက်ချိန် စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တိုးကာ ဖမ်းဆီးခံလိုက်ရသည်။
“ဆရာတော်ဆီ ရောက်တဲ့အချိန်မှာ **တွေက အရင်ရောက်နှင့်ပြီး သူနဲ့တန်းမိတော့ ဘုန်းကြီးဆီက ဖုန်းကိုတော့ စွန့်ပါဦးဘုရားဆိုပြီးတော့ ဘုန်းကြီးကိုတော့ ခေါ်မသွားဘူး။ ဦးလေးကြီးကိုတော့ ခေါ်သွားတယ်။ ဘုန်းကြီးကတော့ပြောတယ်၊ ထားခဲ့ပါ၊ အသက်လည်း ကြီးတော့တာပဲ။ မရဘူး ခေါ်ရမှာပဲဆိုပြီး ခေါ်သွားတာ။” ဟု ဦးတင်လှိုင်နှင့် ဆွေးမျိုးမကင်းသူ ကိုမျိုး(အမည်လွှဲ)က ပြောသည်။
ထို့အပြင် ကိုမျိုးသည်လည်း စစ်ကောင်စီသေနတ်နှင့်ပစ်သတ်ခဲ့သည် ဦးရာစိန်နှင့် တူဝရီးတော်စပ်သည်။
ဦးရာစိန်(အသက် ၇၀ နှစ်)သည် စစ်ကြောင်းဝင်လာချိန်တွင် စီပါကျေးရွာအနီးမှ ရွာရှည်ကျေးရွာကို တိမ်းရှောင်နေနှင့်ပြီးသား ဖြစ်သည်။ သို့သော်လည်း စစ်ကြောင်းအခြေအနေကို သေချာမစုံစမ်းမိဘဲ စီပါကျေးရွာအတွင်းကို စောင်ပြန်ယူချိန် ရွာအရှေ့ပိုင်းတွင် သေနတ်နှင့်ပစ်သတ်ခံခဲ့ရသည်။
“လူကလည်း နည်းနည်းကြီးတာဆိုတော့ သူ့စောင်ပြန်ယူတဲ့ချိန် ဘုရားကုန်းမှာတွေ့တာဗျ။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကုန်းနဲ့က ကပ်ကပ်လေးရယ်။ ကျနော့်ဦးလေး ဆုံးတဲ့နေရာရဲ့ အရှေ့နားလေးမှာ ရွာပြင်ဘက်ရောက်နေတဲ့ အိမ်တွေရှိတယ်လေ၊ အဲ့အိမ်ထဲမှာလည်း ၁ ယောက်၊ သူကလည်း အဲ့ဒီမှာပဲ မိလို့မို့ တွေ့လို့သတ်ပစ်တာထင်တယ်။”ဟု ကိုမျိုးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတွင် စိုင်ပြင်ကျေးရွာကို ထွက်ခွာသွားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၁၉ ရက်တွင် ရွာထဲသို့ ကိုမျိုး အပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တချို့က နယ်မြေရှင်းလင်းရေးလုပ်ရန် ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ရွာအရှေ့ပိုင်းရှိ ဘုရားကုန်းအနီးတွင် ၂ ဦး၊ ရွာအပြင်ရှိ ပဲစင်းငုံခင်းထဲတွင် ၁ ဦး။ သူတို့သည် သေနတ်နှင့် ပစ်သတ်ခံရသူများကို တွေ့ရသည်။ ယင်းနောက် ရွာအလယ်ပိုင်း၊ အုတ်တိုက်ကြီး တောင်ဘက် ဦးကျော်လှိုင်၏အိမ်စည်းရိုးတွင် ဦးခေါင်း ၃ လုံးချိတ်ဆွဲထားပြီး ထိုနေရာအနီး ဒေါ်မြတ်လေးအိမ်တွင် ခန္ခာကိုယ် ၃ ခုတွေ့ခဲ့ရသည်ဟု ကိုမျိုးက ပြောသည်။
“ခေါင်းဖြတ်ပြီးတော့ အဲ့ ၃ ယောက်ကတော့ တော်တော်ကို ရက်စက်တယ်၊ ခေါင်းတွေ၊ ခြေထောက် တွေဖြတ်၊ လက်တွေဖြတ်ပြီးတော့ ရင်ခွဲပြီးတော့မီးရှို့ထားတာဗျ” ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ကိုမျိုးက ဆိုသည်။
ထိုရွာအနီးတွင် ယခုနှစ် စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကောင်စီ စစ်ကြောင်းကို စစ်ကိုင်းအခြေစိုက် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ လောက်အရှင်ဖမ်းမိပြီး၊ ၂၀ ကျော်လောက် သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။
စစ်ကောင်စီသည် ၎င်းတို့ကြားဖြတ်တိုက်ခိုက်ခံရချိန်၊ အထိနာသည့်အချိန်မျိုးတွင် နီးစပ်ရာကျေးရွာများကို ဝင်ရောက်မီးရှို့လေ့ရှိသည်။ ထိုအခြေအနေကို ရိပ်စားမိသည့်အတွက် စီပါရွာဒေသခံ တချို့ကတော့ ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြသည်ဟု ကိုမျိုးက ဆိုသည်။
“ကျနော်တို့နားလေးမှာ ဖြစ်ထားကတည်းက ကျနော်တို့ရွာဟာ သေချာပေါက်အနည်းဆုံးတော့ မီးကတော့ ရှို့ခံရမယ်ဆိုတာ အားလုံးကတော့ ထင်ထားပြီးသားပေါ့၊ တွက်ပြီးသားပေါ့ဗျာ။ ကျနော်တို့ရွာ(က) တော်တော်များများလည်း ရွာထဲရှိတဲ့ ကုန်စည်တို့၊ ကျန်တဲ့စားစရာ သောက်စရာတွေတို့ တခြားဝေးတဲ့နေရာမှာ ရွှေ့ထားကြတာပေါ့”
စစ်ကောင်စီ၏ တပ်ရင်း ၁ ခုလုံးနီးပါးကို တိုက်ခိုက်နိုင်လိုက်သည့်အတွက် တိုက်ခိုက်ခံရသည့် နေရာအနီးရှိ စီပါကျေးရွာအပြင် ဘုတလင်မြို့နယ်အတွင်းကို စစ်ကောင်စီက တကြော့ပြန်အင်အားသုံး ဝင်လာခဲ့ပြီး နောက်ထပ် ၎င်းတို့ကိုမတိုက်ခိုက်ရဲအောင် နမူနာပေးသည့်အနေဖြင့် ယခုလို သတ်ဖြတ်၊ ဖျက်ဆီးမှုတွေလုပ်တာ ဖြစ်နိုင်သည်ဟု ကိုမျိုးက သုံးသပ်သည်။
“တော်တော်ကို ရက်စက်ထားတာပါ။ ရင်ခွဲပြီးတော့ ကျနော်တို့ ရွာကဟာတွေကို စိတ်ခြောက်ခြားအောင် လုပ်သွားတာပေါ့။ နောက်ဒါမျိုး မဖြစ်အောင်ပေါ့။ ကျနော်တို့နားလေးမှာ သူတို့အဖွဲ့ တပ်ရင်း ၁ ရင်းလုံးကို ဆုံးရှုံးသွားတဲ့အနေထားဆိုတော့ သူတို့က ဒီမှာ နောက်ထပ် ထပ်လုပ်ရင် ဒါမျိုးထပ်ဖြစ်မယ်ဆိုတဲ့ နမူနာကို သူတို့ပေးတာဗျ။” ဟု သူက ဆိုသည်။
ထို့အပြင် သူကဆက်ပြီး “သူတို့ကတော့ ကြောက်အောင်လို့မို့ လုပ်တာ၊ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေ ကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ၊ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။”ဟု ပြောသည်။
ထိုဖြစ်စဥ်ဖြစ်ပြီးနောက် အောက်တိုဘာလ ၄ ရက်မှစ၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများက ဘုတလင်မြို့ပေါ်နှင့် ဘုတလင်မြို့နယ်အတွင်းက မြောက်ကျည်၊ တက်လှိုင်း၊ ရွာရှည်၊ စီပါ၊ ကျွဲသေချောင်း၊ ဆည်ဝ၊ အိုင်ပေါင်းချောင်၊ စိုင်ပြင်လေး စသည့်ကျေးရွာကို စစ်ကြောင်းထိုးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ဒေသခံများကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင် ၁ ခုတွင် ဆိုင်ပိုင်ရှင် ဦးဖိုးကြာ အသက် ၆၀ နှစ်ကျော်၊ ဇနီးဖြစ်သူ မမာသင်း ၅၅ နှစ်ဝန်းကျင်၊ သမီးကြီး ခင်မိုးသဲဦး ၂၅ နှစ်ဝန်းကျင်၊ သားငယ် ရွှေဖြိုးအောင် ၁၆ နှစ်၊ တူမဖြစ်သူ မထက်ထက်အောင် အသက် ၁၂ နှစ်ဝန်းကျင်၊ တူမဖြစ်သူ မေပျိုပျို အသက် ၅ နှစ်ဝန်းကျင် စုစုပေါင်း ပြည်သူ ၆ ဦး စစ်ကောင်စီစစ်ကြောင်း၏ သတ်ဖြတ်မှုကိုခံခဲ့ရသည်။
ထို့အပြင် အဲ့ဒီနေ့လယ် ၁၁ နာရီခွဲဝန်းကျင်တွင်လည်း ဗန္ဓုလရပ်ကွက်နှင့် ကပ်လျက်ကျေးရွာများ ဖြစ်သည့် ရှမ်းတဲနှင့် မြောက်ကျီရွာကို စစ်ကောင်စီကစစ်ကြောင်းထိုးခဲ့ပြီး မြောက်ကျီရွာခံ အမျိုးသမီး ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးခန့်ကို ဖမ်းဆီးခဲ့ကာ အဲ့ဒီထဲက ၄ ဦးကို စစ်တပ်က ထပ်မံသတ်ဖြတ်ခဲ့သည်။
စစ်ကြောင်းဝင်လာသည့် အောက်တိုဘာလ ၄ ရက်မှ ၂၂ ရက်အတွင်း ဘုတလင်မြို့နယ်ထဲမှ အရပ်သား ၂၅ ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့သည်။ ထို့အပြင် အရပ်သားပြည်သူ ၅၀ ဦးခန့်ကို ဖမ်းဆီးကာ နေအိမ်ပေါင်း ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီစစ်ကြောင်းသည် စီပါကျေးရွာသို့ ဝင်ရောက်ပြီးနောက် ထိုမှတဆင့် စိုင်ပြင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ဒေသခံ ၂ ဦးကို ထပ်မံသတ်ဖြတ်ထားခဲ့ကာ အောက်တိုဘာ ၂၃ ရက် ညနေတွင် လွှဲတဲကျေးရွာမှတဆင့် ဘုတလင်မြို့ပေါ်ကို ပြန်သွားခဲ့သည်။
စစ်ကောင်စီစစ်ကြောင်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး ၁ ဦး၏ ပြောကြားချက်အရ စစ်ကြောင်းထိုးရာလမ်းတလျှောက် ပြည်သူများကို သတ်ဖြတ်ခဲ့သူများမှာ ဘုန်းကြီးဝါသဝ၏ လက်အောက်ခံပျူစောထီးများ ဖြစ်သည်ဟု သိရသည်။
“သူပြောပြပုံအရတော့ စစ်ကြောင်းမှူးအလိုကတော့ သဘောကောင်းတယ်တဲ့။ အဲ့မှာ ဝါသဝရဲ့ ပျူသားပေါက်က အဆိုးဆုံးတဲ့ အဲ့လိုပြောပြတာပေါ့။ သူတို့က မီးရှို့၊ လူသတ်၊ မုဒိန်းကျင့်တဲ့သူတွေပေါ့။ အဲ့လိုတွေပြောပြတယ်။” ဟု ပြန်လွတ်မြောက်လာသည့် အမျိုးသမီး၏ပြောစကားကို ကိုးကားပြီး ကိုမျိုးက ရှင်းပြသည်။
စီပါရွာ ဒေသခံများကလည်း ယခုကဲ့သို့ လူများကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်ခြင်းသည် ဘုန်းကြီးဝါသဝ၏ လက်အောက်ခံ ပျူစောထီးများက မူးယစ်ဆေးဝါးများ သုံးစွဲထားခြင်းကြောင့်ဟု ယူဆကြသည်။
ဘုန်းကြီးဝါသဝ လက်အောက်ခံ ပျူစောထီးများသည် ယခုကဲ့သို့ အရပ်သားပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းသည် ယခုတကြိမ်တည်းမဟုတ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းနှင့် ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနှင့် ဝါသဝလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ စုစုပေါင်း အင်အား ၂၀၀ ခန့်က တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာစဉ်လှည့်မီးရှို့ကာ ပြည်သူများကိုသတ်ဖြတ်ခဲ့သည်။
ဒေသခံများကို သတ်ဖြတ်သူများတွင် ဝါသဝလက်အောက်ခံပျူစောထီးတပ်ဖွဲ့များ ပါဝင်ကြောင်းကို အဆိုပါ စစ်ကြောင်းတွင်း ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးရာလမ်းတလျှောက်ရှိ ကျေးရွာများမှ ရပ်ကျေး ပကဖ နှင့် ပအဖတာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများကိုလည်း လှောင်ပြောင်စရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။
ထိုအချိန်တွင် မြေလတ်အသံမှရရှိသည့် မှတ်တမ်းဓာတ်ပုံများတွင်လည်း အမျိုးသားတဦး၏ ခေါင်းကိုဖြတ်ကာ ပါးစပ်၌ဆေးလိပ်တပ်ပေးထားပြီး အသည်းများကိုလည်း အဆိုပါဦးခေါင်းရှေ့တွင် စုပုံထားခြင်း၊ ဆောင်းဘောက်များချထားပြီး ဖြတ်တောက်ထားသော ခြေထောက်များကို ဆောင်းဘောက်များနှင့်အတူ ထောင်ထားခြင်း၊ လူများကိုဗိုက်ဖောက်ကာ အတွင်းကလီစာများကို ဆွဲထုတ်ဖြန့်ကြဲထားခြင်း၊ အမျိုးသားအင်္ဂါများကို ဖြတ်တောက်ထားခြင်း၊ ခန္ခာကိုယ် အစိတ်အပိုင်းများကို တစစီဖြတ်တောက်ပြီးနေရာအနှံ့၌ ဖြန့်ကြဲထားခြင်း စသည့် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် သတ်ဖြတ်ထားခဲ့သည်။
ဘုတလင်မြို့နယ်၊ စီပါကျေးရွာက ပြည်သူ ၆ ဦးသည်လည်း ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြီး လူနေအိမ်ခြေ ၅၀၀ ကျော်ရှိသည့် စီပါကျေးရွာသည် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခံရပြီးနောက် ၁ ရွာလုံးနီးပါး ပြာပုံအတိဖြစ်သွားပြီး နေအိမ် ၂၀ ဝန်းကျင်သာ ကျန်တော့သည်။
ဒေသခံများလည်း ရွာသို့ပြန်မဝင်နိုင်ကြသေးပေ။ သေဆုံးခဲ့သည့် စီပါကျေးရွာသားများ၏ စျာပနကို တော့ အောက်တိုဘာလ ၁၃ ရက်တွင်ပြုလုပ်ခဲ့သည်။
ဘာမျှပြန်မတုန့်ပြန်နိုင်သည့် အသက်ကြီးရွယ်အိုများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းကို စီပါရွာသူ မမြင့်ကတော့ ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“အသက်ကြီးတဲ့ အဘိုးတွေ၊ အဖွားတွေ၊ အရူးတွေ၊ စိတ်မကောင်းတဲ့သူတွေက သူတို့ကို ဘာပြန်လုပ်နိုင်လို့လဲ။ သူတို့က ဒီလိုသတ်ဖြတ်ရဲမှ သူတို့ဘက်က နိုင်မယ်လို့ သူတို့ကိုယ်သူတို့ထင်နေရင် ဘယ်သူမဆို အသတ်ခံနိုင်တဲ့ သူတွေချည်းပဲ၊ ဒါပေမဲ့ နိုင်လိမ့်မယ်လို့တော့ မထင်ပါနဲ့။”
#မြေလတ်အသံ
#စစ်ကိုင်း #ဘုတလင် #စီပါ #စစ်ကောင်စီ #သတ်ဖြတ် #လူ့အခွင့်အရေးချိုးဖောက်မှု #အကြမ်းဖက်
Share Share Share