စစ်မှုထမ်းကြေးမတောင်းဖို့ပြောတဲ့ အဘိုးတဦးကို စစ်အုပ်စုကဖမ်းဆီး

စစ်မှုထမ်းကြေးမတောင်းဖို့ပြောတဲ့ အဘိုးတဦးကို စစ်အုပ်စုကဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်မှုထမ်းကြေးငွေတောင်းတဲ့အပေါ် ကန့်ကွက်ခဲ့တဲ့ အဘိုးအိုတဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ပေပင်တန်းရွာက အသက် ၇၅ နှစ်အရွယ်ခန့် ဦးမြင့်သိန်းဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်မှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်မှုထမ်းကြေးဆိုပြီး တအိမ်ထောင်ကျပ်လေးသောင်းတောင်းတာကို ကန့်ကွက်ခဲ့တာကြောင့် အဲဒီနေ့မှာပဲ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

“ပြည်သူတွေအဆင်မပြေလို့  စစ်မှုထမ်းကြေးမကောက်ဖို့နဲ့ စစ်တပ်ခိုင်းတိုင်းမလုပ်ဖို့ အုပ်ကြီးကိုပြောတာ။ အုပ်ကြီး ကိုမွှေးက အဲ့ဒီအကြောင်းကို စစ်တပ်ကိုပြန်ပြောလို့ လာဖမ်းသွားတာ။”လို့ မြို့ခံတဦးက ပြောပါတယ်။

ပေပင်တန်းအုပ်စုဟာ ယခင်ကလည်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ဦးကို ပေးထားရသလို အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်ကြား အမျိုးသား ၅၀ ဦးကိုလည်း စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ထားရတဲ့အတွက် စစ်မှုထမ်းကြေး ထပ်ကောက်တာကို ဦးမြင့်သိန်းက ကန့်ကွက်ခဲ့တာလို့ အထက်ပါမြို့ခံကဆက်ပြောပါတယ်။  

ဦးမြင့်သိန်းဟာ ပေပင်တန်းရွာက ရပ်မိရပ်ဖတဦးဖြစ်ပြီး သူ့ကို လက်ရှိမှာ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဖမ်းဆီးထားကာ စက်တင်ဘာ ၁၈ ရက်ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။ 

မင်းလှမြို့ခံနောက်တဦးကလည်း ဦးမြင့်သိန်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဖမ်းဆီးထားတာ မှန်ကန်တယ်လို့ ပြောပါတယ်။  

မင်းလှမြို့နယ်မှာ စစ်မှုထမ်းအကြောင်းပြပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်ကာ ဖမ်းဆီးတာ၊ ဖမ်းဆီးခံရသူတွေကို ငွေကျပ် သိန်း ၅၀ နဲ့ပြန်ရွေးခိုင်းတာအပြင် စစ်မှုထမ်းစာရင်းအမည်ပါတဲ့ ငွေကြေးချမ်းသာသူတွေရဲ့ သားတွေကိုလည်း ငွေကျပ်သိန်းတရာတောင်းကာ လူအစားထိုးနေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - မင်းလှမြို့နယ်အတွင်း စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်ကောင်စီ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10