စစ်မှုထမ်းမဲပေါက်ပြီး ရှောင်နေတဲ့အိမ်တွေကို မီးရှို့မယ်ပြောတဲ့ မင်းလှကအုပ်ချုပ်ရေးမှူး အသတ်ခံရ    ■ ပေါက်ခေါင်းမှာလည်း ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

စစ်မှုထမ်းမဲပေါက်ပြီး ရှောင်နေတဲ့အိမ်တွေကို မီးရှို့မယ်ပြောတဲ့ မင်းလှကအုပ်ချုပ်ရေးမှူး အသတ်ခံရ ■ ပေါက်ခေါင်းမှာလည်း ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်းက  မင်းလှနဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်ဒီမနက် ၈ နာရီ‌ခန့်မှာ အသက် ၅၀ နှစ်ဝန်းကျင်ရှိ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ကိုအာကြီး (ခ) ခင်ထွန်းလွင်ဟာ မင်းလှမြို့ဘက်ကနေ ဆိုင်ကယ်နဲ့ ၁ ဦးတည်းလာချိန် ချောင်းနားရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ သူနေတဲ့ဖြူကွင်းရွာကနေ ၁ ယောက်ထဲဆိုင်ကယ်မောင်းလာတာကို ပစ်သတ်ခဲ့တာပါ။ သူ့ကိုရှင်းဖို့ စောင့်နေတာကြာပြီ၊ ခုမှအောင်မြင်သွားတာ" လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ပြန်ကြားရေးတာဝန်ခံ ကိုတစ်က ပြောပါတယ်။

ကိုအာကြီးဟာ ညောင်ကုန်းအုပ်စုအတွင်းမှာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုကာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အိမ်တွေအတွက် ခြောက်သောင်းကျပ်၊ စစ်မှုထမ်းဖို့ အကျုံးမဝင်တဲ့အိမ်တွေအတွက်  နှစ်သောင်းကျပ် လစဥ်ကောက်ခံတဲ့အပြင် ငွေမပေးတဲ့အိမ်တွေနဲ့ စစ်မှုထမ်းဖို့မဲပေါက်ပြီး တိမ်းရှောင်နေတဲ့အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်လို့ သူကဆက်‌ပြောပါတယ်။

ဒေသခံတဦးကလည်း ပစ်ခတ်မှုအပြီးမှာ ကိုအာကြီးအလောင်းကို စစ်အုပ်စုက မင်းလှမြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

ကိုအာကြီးဆီကနေ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၄ သိန်း ကျပ်၊ ဘေးလွယ်အိတ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး တို့ကိုသိမ်းဆည်းခဲ့တယ်လို့ သာယာဝတီခရိုင် PDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက်ကိုပေးနေတဲ့ ပျူစောထီးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။

သေဆုံးသူမှာ ပေါ်လံကြီးရွာမှာနေထိုင်တဲ့ ကိုအောင်ဌေးဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီလောက်မှာ ၎င်းနေထိုင်ရာခြံဝန်းအတွင်း ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်တို့အဖွဲ့ကိုမြင်တော့ ထွက်ပြေးတာမလွတ်ပဲ သူနေအိမ်ခြံထဲမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်ရတာပေါ့။ စစ်တပ်ကတော့အခင်းဖြစ်တဲ့နေ့မှာပဲ ညောင်ဝန်းဂိတ်ကနေလာပြီးတော့ စစ်ဆေးတာမျိုးရှိတယ် ” လို့ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကိုအောင်ဌေးဟာ ပျူစောထီးသင်တန်းအပတ်စဥ် ၁ ဆင်း ပျူစောထီးအဖွဲ့ဝင် ၁ ဦးဖြစ်သလို  စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ငါးဘတ်ကုန်းရွာ ခရိုင်ချင်းဆက်တဲ့ လမ်းမပေါ် ဂိတ်ထိုင်ကာ လမ်းသွားလမ်းလာပြည်သူတွေကို ဆဲဆိုတာနဲ့ စစ်မှုထမ်းအတွက် ဖမ်းဆီးလူစုပေးတာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပေါက်ခေါင်းမြို့ခံတဦးကလည်း ကိုဌေးအောင်ရဲ့ အလောင်းကို အခင်းဖြစ်ညပိုင်းမှာ မြို့ခံပရဟိတအသင်းကားနဲ့‌ ပေါက်ခေါင်းဆေးရုံကို သယ်ပြီးနောက် နိုဝင်ဘာ ၁၈ ရက် မနေ့မွန်းတည့်ချိန်လောက်က ပေါက်ခေါင်းမြို့နယ်အေးချမ်းရာသုဿန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၄၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ပေါ်လံကြီးရွာဟာ ပျူစောထီးအားကောင်းတဲ့ ရွာ ၁ ရွာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - သေနတ်နဲ့ပစ်သတ်ခံရတဲ့ မင်းလှအုပ်ချုပ်ရေးမှူး ကိုအာကြီး။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ပေါက်ခေါင်း #ပျူစောထီး #အုပ်ချုပ်ရေးမှူး #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10