စစ်မှုထမ်းလူစားထိုးငှားဖို့ကောက်ခံတဲ့ ငွေ ၁ သောင်းမပေးတဲ့ အမျိုးသမီး အကြမ်းဖက်ပုဒ်မတပ်ကာ ဖမ်းဆီးခံရ

စစ်မှုထမ်းလူစားထိုးငှားဖို့ကောက်ခံတဲ့ ငွေ ၁ သောင်းမပေးတဲ့ အမျိုးသမီး အကြမ်းဖက်ပုဒ်မတပ်ကာ ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်နေ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွင်းဝင်ရောက်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတပ်ကာ စစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၅၁ နှစ်အရွယ် မစိမ်းစိမ်းမာ ဆိုသူဖြစ်ပြီး မေလကုန်ပိုင်းမှာ စစ်ကောင်စီလက်အောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းလူစားထိုးငှားရမ်းဖို့ကောက်ခံတဲ့ ငွေကျပ် ၁ သောင်းကိုပေးဆောင်ဖို့ငြင်းဆန်ခဲ့တဲ့အတွက် ဇွန် ၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

" ပထမအခေါက်က စစ်မှုထမ်းတွေအတွက် ငွေထောက်ပံဖို့ဆိုပြီးကောက်တုန်းက သူနဲ့ရာအိမ်မှူးတွေ စကားများကြတယ်။ အဲတုန်းကတော့ ထည့်လိုက်သေးတယ်။ ခုတစ်ခါလာထပ်ကောက်တော့ မပေးနိုင်ဘူးပြောလိုက်ပြီး သူနဲ့အသိတွေကိုလည်းမထည့်ဖို့ လိုက်ပြောမိတယ်။ အဲဒါကို သူကိုမလိုတဲ့ သူတွေက တိုင်လို့ ဖမ်းခံရတာ"လို့ မစိမ်းစိမ်းမာမိသားစုနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မစိမ်းစိမ်းမာဟာ အသက် ၈၀ ကျော်အရွယ်မိခင်နဲ့အတူနေထိုင်သူဖြစ်ပြီး အမျိုးသမီးရောဂါကြောင့် ခွဲစိတ်မှုခံယူထားရတဲ့ ကျန်းမာရေးမကောင်းသူတဦးလည်းဖြစ်သလို အလုပ်လည်းကောင်းကောင်းမလုပ်နိုင်လို့ စီးပွားရေးအဆင်မပြေသူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ မစိမ်းစိမ်းမာကိုဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတပ်ကာ မင်းလှမြို့နယ်၊ စိန်ကန့်လန့် အခြေစိုက် ခလရ ၁ စစ်ကြောရေးမှာထားရှိ စစ်ဆေးနေတယ်လို့သိရပါတယ်။

လက်ပံတန်းမြို့နယ်အတွင်းက စစ်မှုထမ်းသင်တန်းတက်ရောက်နေသူအတွက်ဆိုကာ စစ်ကောင်စီဘက်က တအိမ်ထောင်တသောင်းနှုန်းနဲ့ ဧပြီလကတကြိမ်၊ မေလကုန်ပိုင်းမှာတကြိမ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကနေတဆင့် ကောက်ခံခိုင်းနေတာပါ။

”  တအိမ်ထောင် တသောင်းပေးရမယ်ဆိုပြီး ရာအိမ်မှူးတွေက ကောက်သေးတယ်။ သင်္ကြန်အပြီးလောက်မှာ ရိုးမအစပ်မှာ ဒလန်တယောက် အသတ်ခံပြီးကတည်းက ကျနော်တို့ဘက်မှာတော့ ရပ်သွားတာ” လို့ လက်ပံတန်းမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတခုမှ ဒေသခံတဦးက ပြောပါတယ်။

လက်ပံတန်းမြို့နယ်မှာ မြို့ပေါ်  ၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၉ စုရှိပြီး ကျေးရွာပေါင်း ၃၁၀ ရှိကာ အိမ်ထောင်စု  ၄၀,၀၀၀ ဝန်းကျင်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဌာနစာရင်းတွေအရ သိရှိရကာ၊ မြို့နယ်အတွင်း စစ်မှုထမ်းသင်တန်းတပတ်စဥ်အတွက် လူဦးရေ ၅၀ ခန့်ပေးနေရပြီး ဖွင့်လှစ်ပြီး အပတ်စဥ် ၂ ခု စလုံးမှာ သတ်မှတ်လူဦးရေအပြည့်မရတာကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက ဒေသခံတွေထံက ငွေကြေးကောက်ခံ လူငှားကာ အစားထိုးထည့်နေရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#လက်ပံတန်း #စစ်မှုထမ်း #ငွေကြေးကောက်ခံ #ဖမ်းဆီးမှု #သတင်းတို #MilitaryCoup

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10