စစ်ရှောင်စခန်းက မူလတန်းလွန်ကျောင်းအတွက် အမိုးအကာနဲ့ အကူညီတွေလိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်းမှာ ပညာရေးသင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးတွေ နေထိုင်စားသောက်ရေးအတွက် အကူညီတွေ လိုအပ်နေတယ်လို့ သင်ကြားရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးသူငယ်တွေ ပညာရေး မပြတ်လပ်စေဖို့အတွက် ရည်ရွယ်ကာ ၂၀၂၃ ဇန်နဝါရီ ၁၀ရက်ကစပြီး အဲဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုလက်ရှိ White Street School အမည်နဲ့ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

စတင်ဖွင့်လှစ်စဉ်က ကျောင်းသား ၁၀ ယောက်ကျော်သာရှိခဲ့ပေမယ့် ကျောင်းဖွင့်လှစ်ချိန် ၁ နှစ်ကျော် ကာလအကြာမှာတော့ ကျောင်းသားဦးရေ ရာဂဏန်းနားထိ ရှိလာတယ်လို့ ကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်က မိန့်ပါတယ်။

KG ကနေ G 6 ထိရှိတဲ့ စစ်ဘေးရှောင်စာသင်ကျောင်းမှာ Volunteer ဆရာ၊ ဆရာမ ၇ ဦးနဲ့ အလှည့်ကျ သင်ကြားပေးနေကြတာ ဖြစ်ပါတယ်။

မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောင်းအတွက် အမိုးအကာတွေနဲ့ စာသင်ကြားရေး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းဖြစ်တဲ့အတွက် အစစအရာရာခက်ခဲနေပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေစားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသလို စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ၂၀၂၂ နိုဝင်ဘာကစကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး ပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကာ အခုအချိန်ထိ ကျေးရွာကိုမပြန်ဘဲ နီးစပ်ရာ တောတောင်တွေထဲမှာပဲ စစ်ရှောင်နေကြတဲ့ ပြည်သူတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #အနောက်ခြမ်း #စစ်ရှောင်စာသင်ကျောင်း #White Street School #စားဝတ်နေရေး #အမိုးအကာ #သင်ထောက်ကူပစ္စည်း #အကူအညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10