စစ်ရှောင်တွေကို လူငယ်အဖွဲ့တွေက အစာအာဟာရ ကျွေးမွေးစောင့်ရှောက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကြသူတွေကို မတ်လ ၁၅ ရက်နေ့ကစတင်ကာ အစာအာဟာရ ချက်ပြုတ်ကျွေးမွေးနေတယ်လို့ Justice Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြောင်မြို့နယ်အတွင်းရှိ ရွာပုလဲ၊ ပေါက်ချောင်း၊ ညောင်ကားယားနဲ့ မြစ်ဆုံကျေးရွာတွေက စစ်ဘေးရှောင် ၅၀၀ လောက်ကို အစာအာဟာရ ချက်ပြုတ်ကျွေးမွေးနေတာလို့ ဆိုပါတယ်။
"မြောင်မြို့နယ်အတွင်းကို တပ်မ ၉၉ လက်အောက်ခံ Blue Commando ခေါင်းဖြတ်တဲ့စစ်ကြောင်းက လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာလို့ ရောက်ရှိလာတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။ သူတို့ရောက်လာတာတော့ ၃ ရက်လောက်တော့ ရှိပါပြီ" လို့ Justice Revolution Force တာဝန်ခံက ပြောပါတယ်။
အညာစစ်ရှောင်ပြည်သူတွေကို ကျွေးမွေးမှုအတွက် CDSOM ရဲ့ တောင်ပိုင်းတိုင်းလက်အောက်ခံ Justice Revolution Force(Myaung)က မတည်ပြီး မြောင်လူငယ်ကွန်ရက် Youths for Community-YFC နဲ့ NUG အဖွဲ့ရဲ့အထောက်အပံ့တွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ရှောင်ကျေးရွာတွေထဲက ရွာပုလဲရွာဟာ ကုန်းဘောင်ခေတ်ကထင်ရှားတဲ့ ယောမင်းကြီးဦးဘိုးလိူင်ရဲ့ဇာတိရွာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM ရဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။
အလှူရှင်တွေအနေနဲ့ CDSOM Page Messenger နဲ့ Justice Revolution Foce Page Messenger ကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေထိုးနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share