စစ်ရှောင်အမျိုးသမီး ၉၀၀ ကျော်အတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

စစ်ရှောင်အမျိုးသမီး ၉၀၀ ကျော်အတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက စစ်ရှောင် အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသမီးတွေဆီက သိရပါတယ်။

မတ် ၂၂ ရက်ကစပြီး ဧပြီ ၃ ရက်ဒီကနေ့ထိ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်က အမျိုးသမီး ၉၀၀ ကျော်အပါ ဒေသခံထောင်ကျော် ရက်ရှည်စစ်ရှောင်နေရတဲ့အတွက် အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ပြီးလိုအပ်ချက်တွေ ရှိလာတာလို့ ဆိုပါတယ်။

“ကိုယ်ပါတဲ့ဟာကို တခြားအမျိုးသမီးလေးတွေ ရာသီလာတာတွေ့ရင် ထုတ်ပေးကြ၊ မျှတသုံးကြရင်း ပါလာတဲ့ အရေးပေါ်ပစ္စည်းလေးတွေက ကုန်ကြပြီ။ သွားဝယ်ဖို့ကလည်း ဝယ်စရာ ဆိုင်မရှိတာရယ် တော်တော်များများကလည်း လူချည်းပဲ ပြေးလာရတာဖြစ်တဲ့အတွက် ငွေကြေးမပါလာတော့ မဝယ်နိုင်ကြဘူး။” စစ်ရှောင်ကူညီပေးနေတဲ့ မအိသန္တာက ပြောပါတယ်။

ဓမ္မတာလာချိန် ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုအတွက် စစ်ဘေးရှောင် ဆေးခန်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆီမှာ ဆေးဝါးတောင်းယူလို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု ပြဿနာတွေကတော့ ကြုံနေရဆဲပဲဖြစ်ကာ စစ်ရှောင်အမျိုးသမီးအချင်းချင်း ဖေးမပြီး နေကြရတယ်လို့ ဆိုပါတယ်။

အမျိုးသမီး လစဉ်သုံးပစ္စည်း တထုပ်ကို အနည်းဆုံး ၁၀၀ဝ ကျပ်ကနေ စတင်ဝယ်ယူရပြီး စစ်ရှောင် အမျိုးသမီးတွေအတွက် အများစာ ဝယ်ယူရတဲ့အခါ ငွေကြေးပိုင်း အခက်ခဲတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းတခုမှာ အနည်းဆုံး အမျိုးသမီး လစဉ်သုံး အထုပ် ၁၀၀ ကျော် လိုအပ်ပြီး စစ်ရှောင်လူဦးရေပေါ်မူတည်ကာ လစဉ်သုံးအထုပ်ရေ ၃၀၀၊ ၅၀၀၊ ၁၀၀၀ စသဖြင့် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်လည်း ဆေးဝါးတွေ လိုအပ်နေပြီး  ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်နဲ့ အဖိုးအဖွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝပေးနိုင်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆားလင်းကြီး #အမျိုးသမီး #လစဥ်သုံးပစ္စည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10