စစ်အာဏာစသိမ်းချိန်မှာ နာဂတောင်တန်းတွေကနေ CDM ပြုလုပ်လာခဲ့တဲ့ ပြည့်သူ့ကျန်းမာရေးကြီးကြပ် ၂ ဆရာမ

စစ်အာဏာစသိမ်းချိန်မှာ နာဂတောင်တန်းတွေကနေ CDM ပြုလုပ်လာခဲ့တဲ့ ပြည့်သူ့ကျန်းမာရေးကြီးကြပ် ၂ ဆရာမ

စစ်အာဏာစသိမ်းချိန်မှာ နာဂတောင်တန်းတွေကနေ CDM ပြုလုပ်လာခဲ့တဲ့ ပြည့်သူ့ကျန်းမာရေးကြီးကြပ် ၂ ဆရာမ မအိဟာ လူထုသပိတ်တွေအားကောင်းခဲ့ရာ စစ်ကိုင်းတိုင်းကိုဆင်းလာခဲ့ပြီး CDM ပြုလုပ်တာတင်မကပဲ ယနေ့အထိလည်း သပိတ်တွေမှာဦးဆောင်ပါဝင်နေသလို ကျေးလက်လူထုတွေကို တတ်စွမ်းသလောက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်နေပါသေးတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ဖိနှိပ်မှုမျိုးစုံနဲ့ ချေမှုန်းနေမှုတွေကြားကပဲ လူထုနဲ့အတူ တသားထဲနေထိုင်ပြေးလွှားရင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ပြည့်သူ့ကျန်းမာရေးကြီးကြပ် ၂ ဆရာမ မအိနဲ့ ဆက်သွယ်မေးမြန်းမှုများထဲက တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

မေး- အာဏာသိမ်းတော့ ဘယ်ဒေသမှာဆရာမတာဝန်ထမ်းဆောင်နေလဲ လုပ်သက်ဘယ်လောက်ရှိပြီလဲ။

ဖြေ- အာဏာမသိမ်းခင်တုန်းက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ နာဂတောင်တန်း နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နေရာဖြစ်တဲ့ နာဂလေရှီး မှာ တာဝန်ထမ်းဆောင်တယ်။ တာဝန်သက် ၈ နှစ်မပြည့်ခင်မှာပဲ အာဏာသိမ်းခြင်းကိုခံလိုက်ရတယ်။ ကျမအနေနဲ့ကအာဏာသိမ်းမှုမတိုင်ခင်က နိုင်ငံရေးပါတီစိတ်ဝင်စားမှုမရှိဘူး နိုင်ငံရေးတွေမှာပါတင်ခဲ့တာလည်း မရှိခဲ့ဘူး။ 

မေး- အာဏာသိမ်းလိုက်ပြီဆိုတာကို သိတော့ အဲတုန်းက စိတ်ခံစားချက်လေး ပြန်ပြောပြပါလား။

ဖြေ-  အာဏာသိမ်းလိုက်ပြီဆိုတာ သိတော့ အဲတုန်းကခံစားချက်ကိုပြောပြရရင် နာဂဒေသမှာက ဖုန်းလိုင်းအင်တာနက်လိုင်း ခဏခဏအဖြတ်ခံရတယ်။ အာဏာသိမ်းလိုက်တော့အဲနေ့က အာဏာသိမ်းတယ်လို့ မသိဘူး ခါတိုင်းလိုပဲ ဖုန်းလိုင်းဖြတ်ခံရတယ်ထင်တယ်။ ညနေ ၄နာရီမှ ဖုန်းလိုင်းအင်တာနက်လိုင်းပြန်ရမှ အာဏာသိမ်းလိုက်တယ်ဆိုတာကိုသိသွားတယ်။ အဲအချိန်မှာ ဒါမတရားမှုဆိုတာကို သိလိုက်တယ်။ ကျမတို့နိုင်ငံကအမှောင်ထဲကိုကျသွားပြီ။ အခုမှဖွံ့ဖြိုးဖို့လမ်းစ လေးပဲရှိသေးတာ။ တိုးတက်ခါစလေးပဲရှိသေးတာကို အာဏာလုယူ ခံလိုက်ရတာသိသိချင်းငိုချင်ခဲ့တယ်။ မျက်ရည်ကျခဲ့မိတယ်။

မေး- နွေဦးတော်လှန်ရေးအစ ဘယ်ကနေစတင်ပါဝင်ခဲ့ပြီး ဘယ်လိုလျှောက်လှမ်းခဲ့လဲ။

ဖြေ- နွေဦးတော်လှန်ရေးစတော့ နာဂတောင်တန်းမှာပဲ CDM လုပ်ခဲ့တယ်။ မြေပြန့်ကိုဆင်းမလာခင် ဖဲကြိုးနီကမ်ပိန်း လုပ်ခဲ့တယ်။ နာဂမှာကလမ်းမပေါ်မှာလူထုတိုက်ပွဲ သပိတ်တွေမရှိတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး မြေပြန့်ကိုပြန်ဆင်းလာတယ်။ မုံရွာ‌နဲ့နီးလို့ မုံရွာလူထုတိုက်ပွဲတွေမှာ လိုက်ပါဝန်းရံခဲ့တယ်။ 

အဲကတဆင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ ယင်းမာပင်-ဆားလင်းကြီးသပိတ်ပေါ်ပေါက်ပြီး မြို့တွေမှာ အဖမ်းဆီးခံရတော့ ကျေးလက်သပိတ်ပေါ်ပေါက်ခဲ့တယ်။ သပိတ်စစ်ကြောင်းမှာလည်း ပူးပေါင်းဝန်းရံတဲ့ လူထုတွေကျန်းမာရေးအတွက်ဆိုပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့လေးဖွဲ့လိုက်တယ်။ အဲမှာ အဖွဲ့ဝင်တယောက်အနေနဲ့ပါဝင်တယ်။ သပိတ်ဦးဆောင်ကော်မတီဝင်တယောက်အနေနဲ့ပါ ပါဝင်ခဲ့တယ်

မေး- အခုလက်ရှိ စစ်ကောင်စီကိုတော်လှန်ရင်း လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတာကို စိတ်ကျေနပ်မှုရှိရဲ့လား။

ဖြေ- စိတ်ကျေနပ်မှုမရှိဘူး မရှိဘူးဆိုတာက ပိုပြီးလုပ်နိုင်ချင်တယ်။ လက်ရှိလုပ်နေတာထက် ပိုပြီးလုပ်နိုင်ဖို့ နောက်ကနေ ထောက်ပံ့ပေးမယ့်သူမရှိဘူး။ လုပ်ချင်တာများတယ် ရှာနိုင်တာနည်းတယ်။ လူထုကိုကျန်းမာရေးစောင့်ရှောင့်မှု ပေးချင်တာက အများကြီးအများကြီးလုပ်ချင်တာ ကျေးရွာတိုင်းကို အခမဲ့ဆေးခန်းတွေ ဖွင့်ပေးချင်တယ်။ ကျမတို့နောက်မှာပံ့ပိုးပေးမယ့်သူမရှိဘူး အဲအနေအထားကိုရောက်နေတယ်။

မေး- ဘယ်လိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဘာတွေလုပ်နိုင်ခဲ့ပြီလဲ။

ဖြေ- ကြားကာလပညာရေးဖော်ဆောင်နေတဲ့ကျောင်းတွေမှာ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ပေးနေတယ်။ ကျမတို့ကကိုယ်ထူကိုယ်ထပဲ ကျမတို့ဒီတခုကိုလုပ်ချင်တယ်ဆို သပိတ်ဦးဆောင်ကော်မတီ တိုင်ပင်တယ် ကျမတို့ တထောင်ငါးရာကစအလှူခံရတယ်။ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်မိတာမရှိဘူး အခုတော့ကျောင်းကျန်းမာရေး လုပ်နေပြီဖြစ်တဲ့အတွက် NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနနဲ့တော့ ချိတ်ဆက်မိပြီ။ 

မေး- ဖိနှိပ်မှုများတဲ့ စစ်ကိုင်းတိုင်းလိုနေရာမှာ လှည့်ပြီးဆေးကုသပေးနေရတာမှာ မိန်းကလေးတယောက် အတွက် ဘာတွေ စိုးထိတ်မှုရှိလဲ။

ဖြေ- စစ်ကိုင်းတိုင်းလိုဒေသတွေမှာက နည်းမျိုးစုံဖိနှိပ်မှုနဲ့ စစ်ကြောင်းထိုးတာတွေ ခံနေရတယ်။ အဲလိုအချိန်မှာ မြေပေါ်မြေအောက်ကရဲဘော်တွေကို ဆေးကုသပေးနေတဲ့အခါမှာ အဖွဲ့လေးနဲ့လုပ်တာပေါ့။ ဒီလိုလုပ်ပေးနေရတဲ့ မိန်းကလေးတယောက်နဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာ ဘာတွေ စိုးထိတ်မှုရှိလည်းဆို ကျမနေနဲ့ အများကြီးမကြောက်ရွံ့ဖူး ကျမတို့လုံခြုံရေးအရအနည်းတော့ စိုးရိမ်တယ်။ အများကြီးတော့မစိုးရွံ့ဖူး ဘာဖြစ်လို့ဆို ကျမတို့ရှေ့မှာကို အသက်ပေးသွားတဲ့ ရဲဘော်တွေရှိနေပြီ ကျမတို့ ကြောက်နေလို့မရတော့ဘူး။ 

ကျမတို့ကျောင်းကျန်းမာရေးသွားတယ် တော်တော်လေလည်းဝေးတယ်။ လမ်းမှာပဲ ဆိုင်ကယ်တွေလဲတယ် နှစ်ခါတောင်လဲတယ်။ ကျမတို့ကိမိန်းကလေးဖြစ်နေတာလေ အဲလိုသွားရေးလာရေးမှာတော့ ပြဿနာလေးတွေ ကြုံရတာပေါ့ မိန်းကလေးဖြစ်နေတော့ ယေင်္ကျားလေးဆို ဒီထက်ကျွမ်းကျွမ်းကျင်ကျင်စီးနိုင်မယ်ပေါ့။ ဒီလိုမျိုးဖြစ်တဲ့အချိန် ရုတ်တရက် အဖမ်းခံရရင်အဲလိုမျိုး စိုးထိတ်မှုတော့ရှိတယ်။ အဲနေ့က ကျမလက်ကျိုးလောက်ပြီထင်တာ မကျိုးခဲ့ဖူး ကံကောင်းတယ်။ 

ကျမသာလက်ကျိုးသွားခဲ့ရင် အကြာကြီးနားရတော့မှာပဲ အဲလိုစိုးထိတ်မှုတော့ရှိတယ်။ စစ်ကောင်စီထိုးစစ်ဆင်လာတဲ့အချိန်မှာလည်း ကျမကိုယ်ကျမဘယ်တော့မှ စိုးထိတ်တယ်ဆိုတာ ရှားတယ်၊ တခုခုဆိုငါတို့ပြည်သူတွေ အဆင်မှပြေပါ့မလား တခုခုဆို သူတို့အရင်ပြေးငါတို့နောက်မှပြေးအဲလိုမျိုးပဲ ရှိတယ်။

မေး- လက်ရှိလုပ်နေရအလုပ်ကိုကော အားရကျေနပ်ရဲ့လား ဘာတွေလိုအပ်ပြီး ဘာတွေလုပ်ပေးနိုင်သေးလဲ။

ဖြေ- ကျမလုပ်နေတဲ့အလုပ်ကိုကျေနပ်တယ် ဒါပေမယ့်လုပ်ဆောင်နေရတာပေါ်မှာတော့ အားမရဘူး မကျေနပ်ဘူး ဘာကြောင့်ဆို ကျမတို့ကျန်းမာရေးအဖွဲ့ ဆေးနဲ့ဆေးဝါးပစ္စည်းလိုအပ်သလောက်သာ ကောင်းကောင်းထောက်ပံ့ပေးနိုင်မယ့်အဖွဲ့အစည်းနဲ့ချိတ်မိရင် ကျမတို့ပြည်သူလူထုအပေါ်ကို ဒီထက်ပိုပြီး လုပ်ပေးနိုင်မယ်။ ဒေသတွင်းရှိလူထုတွေလည်း ကျန်းမာရေးအတွက် ပိုက်ဆံမရှိလို့ ဆေးမကုလိုက်ရဘူးဆိုတာ မဖြစ်တော့ဘူး ဆေးတလုံးထိုးရင်တောင် လေးငါးထောင်ရှိနေတာကနေ အဲဒါတွေသက်သာသွားမယ်။ ထပ်ပြီးလုပ်ချင်တယ် လုပ်လည်းလုပ်ပေးနိုင်တယ်လုပ်ပေးနိုင်ဖို့ ဆေးနဲ့ဆေးဝါးပစ္စည်းတွေအများကြီးလိုအပ်ပါတယ်။

မေး- အခုချိန်မှာ တော်လှန်ရေးကြန့်ကြာနေတယ်လို့ ထင်မြင်မိလား။ တခုခုကိုအားမရတာမျိုးဖြစ်ဘူးလား။

ဖြေ- ကျမနိုင်ငံရေးကိုနားမလည်ဘူး ကောင်းကောင်းနားမလည်ဘူး လက်ရှိတော်လှန်ရေးလုပ်နေတာ အာဏာရှင်ကိုအလိုမရှိလို့ တော်လှန်နေတာပေါ့နော် ကျမတို့နိုင်ငံရေးကိုနားမလည်တဲ့အတွက် လက်ရှိတော်လှန်ရေးကြာနေလို့မြင်တယ် တခုခုကိုအားမရတာမျိုးဖြစ်တယ် ကျမတို့လူထုပါဝင်မှုကိုအားမရသေးဘူး သူတို့တွေ ဒီထက်ပိုလုပ်နိုင်တယ် သူတို့တွေဒီထက်ပိုပြီး အားစိုက်နိုင်ရသားနဲ့ အားမစိုက်တဲ့သူတွေကိုမြင်ရတာ အားမလိုအားမရဖြစ်မိတယ်။ 

အားလုံးကိုဒီတော်လှန်ရေးပေါ်မှာနှစ်ပြီး အားလုံးကိုတက်ကြွနေစေချင်တာ အဲအတွက် ကျမတို့တွေ ပူးပေါင်းပါဝင်မှုအားနည်းတဲ့ဒေသတွေရောက်တဲ့အခါ တချို့ကိုမြင်ရတာ အားမရဖြစ်တယ် စော်ကားတာမဟုတ်ဘူး ဒီထက်ပိုပူးပေါင်းဖို့လိုအပ်တယ်ဆိုတာမျိုး ဖြစ်တာပါ။

မေး- CDM တွေအတွက်ကော ဘာတွေ လိုအပ်နေလဲ ဘာတွေဖြည်းဆည်းသင့်သလဲ

ဖြေ- CDM တွေက နှစ်နှစ်နီးပါးဖြစ်လာတော့ အားလုံးကအဆင်မပြေကြဘူး ကျမရဲ့မိသားစုက ကျမလစာကိုမှီခိုစားရတယ်။ CDM လုပ်တော့လစာမရတော့ဘူး အိမ်ထောင်ရှိတဲ့သူတွေဆိုလည်း ဒီလိုပဲ နှစ်ယောက်လုံး CDM ဝင်လိုက်တော့ စားဝတ်နေရေးခက်သွားတယ် ကျမတို့ ပြည်သူတွေက နွေဦးတော်လှန်ရေးအစမှာ ရုံးမတက်နဲ့ ရုန်းထွက်စပြီး ကြွေးကြော်ခဲ့ကြတယ်။ ရုန်းထွက်ခဲ့ကြတဲ့ ကျမတို့ CDM သူရဲကောင်းတွေကိုကြတော့ တချက်ပြန်ကြည့်ပေးတာ နည်းတယ်။ ပြန်ကြည့်ပေးဖို့ မေ့နေကြတယ်။

လက်နက်ကိုင်တော်လှန်ရေးမဟုတ်သလို လမ်းပေါ်တက်မှတော်လှန်ရေးမဟုတ်သလို ဒီ CDM ကလည်းတော်လှန်ရေးးဒေါက်တိုင်တခုအနေနဲ့ပါဝင်နေတာ ကျမတို့ CDM လမ်းစဉ်က တော်လှန်ရေးနိုင်ရာကနေ ပါဝင်နေတာမှာ အဲတော့ ကျမတို့ CDM တွေမှာ စားဝတ်နေရေးအခက်ခဲအကျပ်အတည်းနဲ့ရင်ဆိုင်နေကြရပြီ ကျမတို့ အနီးနားဝန်းကျင်မှာရှိတဲ့ CDM တွေကို ထောက်ပံ့ပေးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဖြေရှင်းပေးကြဖို့ ပြောချင်တယ်။

မေး- ရှေ့ဆက်တော်လှန်ရေးမှာ ဘာတွေ လုပ်ဆောင်သွားဖို့ပြင်ဆင်ထားလဲ၊ ဘယ်လိုစိတ်ဓါတ်မျိုးမွေးထားလဲ။

ဖြေ- ရှေ့ဆက်ပြီးလမ်းမပေါ်က လူထုသပိတ်တိုက်ပွဲတွေကို အင်အားကောင်းဖို့ရာအတွက် တတ်နိုငသလောက်စည်းရုံးနိုင်သလောက်စည်းရုံးမယ် အရင်တုန်းကလုပ်လာခဲ့တဲ့အတိုင်းပဲ တော်လှန်ရေးအင်အားစုကရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးမယ်၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှု ၁၃ ကျောင်းထိလုပ်ပြီးသွားပြီ။ နောက်ကိုတော့ လုပ်နိုင်သလောက်လုပ်နေမယ် အလှူရှင်ရှိရင်ရှိသလိုလုပ်မယ် ကျေးရွာတွေကို အခမဲကျန်းမာရေးစောင့်ရှောက်မှုပေးချင်တယ်။

ဘယ်လိုစိတ်ဓါတ်မျိုးမွေးထားလည်းဆို ကျမတို့ ရဲဘော်တွေ မသေအောင်တောင်းဆိုသလို ကျမတို့လည်းမသေအောင်နေမယ် ရန်သူကသေစေချင်တဲ့အခါ မသေအောင်နေရတာလည်း တော်လှန်ရေးပဲပေါ့နော် ပြည်သူလူထုအတွက် အမြဲတမ်းစဉ်းစားမယ် ပြည်သူလူထုနဲ့တသားထဲရှိမယ်၊ အဆုံးသတ်တိုက်ပွဲနိုင်အောင်ကိုတိုက်မယ်၊ မနိုင်နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့သွားမယ်။

မေး- ပြည်သူလူထုကို ဘာများပြောချင်တာရှိလဲ။

ဖြေ- တော်လှန်ရေးအဆုံးအဖြတ်က ပြည်သူလူထုပါပဲ၊ ပြည်သူလူထုမပါတဲ့ဘယ်တော်လှန်ရေးမှ အောင်ရိုးထုံးစံမရှိဘူး၊ ဘယ်လိုအခက်ခဲအကျပ်အတည်းရှိပါစေ ဒီတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းပါဝင်တော်လှန်ပေးကြပါ ဒီတော်လှန်ရေး လမ်းစဉ်အသီးသီးရှိတဲ့အထဲက ကိုယ်နဲ့ကိုက်ညီမယ့်တော်လှန်ရေးနဲ့ ပူးပေါင်းပေးကြပါလို့ပြောချင်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10