စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား (ရုပ်/သံ)

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တခြားနေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ Yoma GBK PDF  ရဲ့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။

အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက အေးရွာလေးရွာထိပ်၊ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဥယျာဉ်ကြီးရွာနဲ့ အေးရွာလေးရွာက ကလေးငယ်နဲ့ အမျိုးသား၊ အမျိုးသမီးအပါ ၆၀ ဦးဝန်းကျင်ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ၂၈ ရက် ညနေ ၆ နာရီကျော်လောက်မှာတော့ အေးရွာလေးရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးကာ ရွာထဲက နေအိမ်တွေနဲ့ ဥယျာဉ်ကြီးရွာထဲက နေအိမ်တွေကိုမွှေနှောက်ကာ အိမ်တွင်းပစ္စည်းတွေကို ဖျက်ဆီးသွားတာလို့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် ဒီမနက်မှာတော့ ဖမ်းဆီးထားတဲ့ ‌စစ်ရှောင်ပြည်သူ ၆၀ ဦးထဲက အများစုကို ပြန်လွှတ်ပြီး အမျိုးသား ၁၅ ဦးကို ဆက်လက်ဖမ်းဆီးထားကာ ကွင်းချောင်းရွာကို ပြန်ဆုတ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဥယျာဉ်ကြီးရွာနဲ့ အေးရွာလေးရွာက ပြည်သူ ၄၀၀ ခန့်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

အေးရွာလေးရွာနဲ့ ဥယာဥ်ကြီးရွာတွေမှာ အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေက စစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူတွေ ရွာလုံးကျွတ်တိမ်းရှောင်နေချိန်မှာ စစ်အုပ်စုက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းကလည်း ကြို့ပင်ကောက်မြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ အုတ်ဖိုမြို့နယ်၊ ကန့်နီကျေးရွာက နေအိမ်တွေကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ 

#ကြို့ပင်ကောက် #စစ်တပ် #နေအိမ် #မီးရှို့ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10