စဉ့်ကူးနယ်က ရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုကို PDF သိမ်းပိုက်ပြီး လက်နက် ၄၀ ကျော်ရရှိ

စဉ့်ကူးနယ်က ရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုကို PDF သိမ်းပိုက်ပြီး လက်နက် ၄၀ ကျော်ရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အနေနဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နေပြီး ရဲစခန်းအပါအဝင် စခန်း ၆ ခု သိမ်းထားနိုင်ကာ လက်နက် ၄၀ ကျော် ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေးက ဇူလိုင် ၃ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီး ၈ ရက် အကြာမှာ စဉ့်ကူးမြို့နယ်ထဲက နွယ်ရုံ ရဲစခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း စတဲ့ စစ်ကောင်စီစခန်း ၆ ခုကို သိမ်းထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တပ်စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀ ကျော်နဲ့  ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ၁၃ ဦးကိုလည်း အရှင်ဖမ်းမိထားကာ စဉ့်ကူးမြို့နယ်ထဲက စစ်ရေးပစ်မှတ်တွေကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အင်ကြင်းမြိုင်စခန်း (၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း)၊ ဆည်တော် စခန်း၊ ပန်းသလဲတောင်စခန်း၊ ရေစိုတောင်စခန်း၊ နေကျော်တောင်စခန်း၊ ရွှေပုထိုးစခန်း၊ ကျောက်ခလုတ်စခန်း၊ မြေနီတောင်စခန်း စတဲ့ စစ်ကောင်စီစခန်း ၈ ခုကို စစ်ဆင်ရေးစတင်ပြီး ၇ ရက်အကြာမှာ MDY PDF က သိမ်းပိုက်ထားခဲ့တာပါ။

ဒါ့အပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကိုလည်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၅ ရက်အကြာမှာ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ဇွန် ၂၅ ရက်က ပြန်လည်စတင်နေတာဖြစ်ပြီး ရှမ်းမြောက်ဒေသ နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ မိုးကုတ်၊ စဉ့်ကူး စတဲ့စစ်ရေးပစ်မှတ်တွေကို တပြိုင်တည်း ထိုးစစ်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူး #၁၀၂၇ #စစ်ဆင်ရေး #ရဲစခန်း #ပြည်သူ့ကာကွယ်ရေးတပ်မတော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10