စလင်းမြို့နယ်မှာ ရိက္ခာသယ်ဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ပြန်ဆုတ် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပေါက်မရွာကို ရိက္ခာသယ်ဖို့ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

သြဂုတ် ၁၃ ရက် မနေ့က မနက်အစောပိုင်းမှာ ခလရ ၂၅၃၊ ၂၅၅၊ လင်းဇင်းရဲစခန်းက ရဲတွေနဲ့ ပွင့်ဖြူနယ်က ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းက ရွာကိုဝင်ကာ  ၇ နာရီခွဲဝန်းကျင်မှာ အပြန်လှန်ပစ်ခတ်မှုတွေ စတင်ခဲ့ပြီး ၁၁ နာရီကျော်မှာ ပစ်ခတ်မှုတွေ ရပ်နားခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၁ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းက လင်းဇင်းနယ်ဘက်ကို ဆုတ်ခွာသွားပြီး လင်းဇင်းရဲစခန်းကနေ နာရေးကားနဲ့ စလင်းကို ထွက်ခွာသွားတာတွေ့ရပေမယ့် ထိခိုက်သေဆုံးကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လင်းဇင်းရဲစခန်းဟာ ပေါက်မရွာရဲ့ တောင်ဘက်မှာတည်ရှိပြီး စလင်းချောင်းတခုပဲ ခြားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း၁၊ မင်းဘူးခရိုင် တပ်ရင်း၅ ၊မိုးကြိုးပြောက်ကျား တပ်ရင်း၁၀၁၊ ဒေါင်းစစ်အောင် LPDF၊ စလင်းပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း စလင်းမြို့ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်နေသည့် တော်လှန်ရေးရဲဘော်များ။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့နယ် #ပေါက်မရွာ #ရိက္ခာ #လင်းဇင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10