စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

 

၁။

ငှက်သောက်အိုး။ ငှက်သောက်အိုးဆိုတဲ့ စကားလုံးကို ကျနော်မကြားဖူးခဲ့ဘူးဆိုတာ ကြိုတင်ဝန်ခံချင်တယ်။ ငှက်သောက်အိုး ဆိုတဲ့ စကားလုံး ကို သူငယ်ချင်းမိတ်ဆွေလိုရင်းနှီးလှတဲ့ ကဗျာဆရာတဦးဆီကနေ နှစ်များစွာကြာခဲ့ပြီးနောက်မှ ဆန်းဆန်းပြားပြား ကြားသိခွင့်ရခဲ့တယ်။ အဲဒီ ငှက်သောက်အိုး တွေဟာ မြေလတ်မြို့လို့ ဆိုတဲ့ မကွေး၊ မင်းဘူး အရပ်ကနေ ဆန့်ထွက်လာခဲ့တာပါ။ 

ပူရှိန်ပြင်းထန်လှတဲ့အညာနွေဟာ မြန်မာနိုင်ငံကိုကျော်လို့ ကမ္ဘာနိုင်ငံများစွာနဲ့ မြို့တွေမြောက်များလှစွာထဲမှာ ထိပ်ဆုံးကရပ်တည်သွားတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင်ကို ချောက်မြို့ဟာ ကမ္ဘာမှာ နံပါတ် ၁ အပူချိန်အမြင့်ဆုံးမြို့အဖြစ် ၂၀၂၄ ခုနှစ်မှာ စာရင်းဝင်သွားခဲ့တယ်။ နံပါတ် ၅ ကိုတော့ မကွေးမြို့နဲ့ နံပါတ် ၈ ကိုတော့ မင်းဘူးမြို့တို့က ဆွတ်ခူးသွားခဲ့တာပေါ့။

ကမ္ဘာကျော်အညာနွေဟာ မြစ်တစင်းကိုတောင် ငြိမ်ဝပ်ရိုကျိုးစေခဲ့တယ်။ ဧရာဝတီဟာ နွေပူပူအောက် ရှည်လျားလှတဲ့ သူရဲ့ ကျောလျားကြီးနဲ့ မှောက်ခုံမှောက်တအိအိပဲရွေ့နေရတယ်။ လှုပ်ရှားလိုက်တာနဲ့ ချွေးထွက်မှာဆိုးသလိုမျိုး လှိုင်းကြက်ခွပ်တောင် မထဘူး။

မြစ်ကမလှုပ်တော့ မြစ်ရဲ့နဖူးက မြို့ငယ်လေးဟာလည်း အနက်ရောင်မြွေတကောင်လို တွန့်လိမ်နေတဲ့ ကတ္တရာလမ်းပေါ်မှာ တမာရွက်အကြွေတွေ ခြွေချပေးနေယုံကလွဲလို့ ကမ်းနဖူးက လက်ဖက်ရည်ဆိုင်လေးထဲမှာလည်း တိတ်တဆိတ်ပါပဲ။ ပူတာကို ပူလိုက်တာလို့ ညီးညူဖို့မဝံ့အောင် အပူဟာ ဆယ်နေကဲခဲ့ပါတယ်။

မင်းဘူးမြို့လေးဟာ မကွေးမြို့နဲ့ မောင်နှမတော်လေရော့သလားပေါ့။ မြစ်ကချစ်ခြင်းကို ခွဲထားရစ်ခဲ့တာပဲ။ မကွေးဟာ ခန့်ထည်ကြီးမားခဲ့သလောက် မင်းဘူးမြို့လေးဟာ မြစ်ကိုအလျားလိုက်ဖြန့်ခင်းလို့ တောဆန်ဆန် သနပ်ခါးပါးကွက်ကြားနဲ့ လုံမငယ်ရယ် ချည်ကြမ်းပုဆိုးတို ဝါးခမောက်အိုနဲ့ ဖျင်ကြမ်းဝတ် ရွက်ကြမ်းရေကျို ယောက်ျားထိုထိုတို့ဟာ ခေတ်ကိုတရွတ်ဆွဲလိုက်ရရှာတယ်။ 

တောင်စွယ်တောင်တန်းတွေကလည်း ရောဂါကျွမ်းနေတဲ့ ကင်ဆာဝေဒနာသည် တယောက်လို။ ဆံနွယ်ဆံသား ထူထူထဲထဲ မရှိတော့။ ကျိုးတဲ့ကျဲ တိုးလျိုးပေါက်လို့ အကြောအပြိုင်းပြိုင်းနဲ့ ခမ်းခြောက် ဆုတ်ယုတ်လို့။ အညာမှာ အရိပ်တွေက ကမ္ဘာသည်းခြေကြိုက် ရေနံလောက်မဖြစ်ထွန်းဘူး။ အဲဒီရေနံတွေကိုလည်း အညာက မစံစားရပါဘူး။ အပူသည်အဖြစ်နဲ့ ဝေဒနာတွေကိုတော့ ခံစားခဲ့ရတာ နှစ်တွေရာချီပြီလား။

ဒါပေမယ့်လည်းလေ အညာသူအညာသားဟာ အတွင်းစိတ်မနောသိပ်ဖြူရှာတယ်။ စာနာမေတ္တာတရားသိပ်ပေါကြွယ်ဝတယ်။ ဘယ်လောက်တောင် စိတ်ထားဖြူစင်မေတ္တာတရားရှိသလဲဆို ပူပြင်းလှတဲ့ အညာနွေအောက် လူတွေ ရေဆာကြသလို သဘာဝတောနေတောထိုင် ငှက်ကလေးတွေလည်း ရေဆာနေမယ်ဆိုပြီး နေပူပူထဲ မနေနိုင်မထိုင်နိုင် တွေးပူတဲ့အမျိုးပါပဲ။

 

၂။

ကျနော်က အညာသားတပိုင်း မြေလတ်သားတဝက်ပေါ့။ အညာကို အခွင့်ကြုံလို့လည်း သွားပါတယ်။ အခွင့်မကြုံလည်း သွားပါတယ်။ အလုပ်အတွက်လည်း သွားပါတယ်။ အညာကို ရင်ဘတ်နှစ်ခြမ်းဆွဲခွဲထားတဲ့ ရန်ကုန်-မန္တလေး ကတ္တရာလမ်းဟောင်းက အကြိမ်ကြိမ်သွားခဲ့ဘူးတာပေါ့။ 

မြို့တွေ နယ်တွေကို ဖြတ်လို့ တမာပင်တန်းတွေ၊ ညောင်မုတ်ဆိတ်ပင်တွေနဲ့ ထနောင်းပင်တွေ ထန်းတောနဲ့ထန်းတဲလေးတွေ ဆီးသီးပုံကြီးတွေနဲ့ မန်ကျည်းပုံတွေ ထန်းလျက်နဲ့ မြေအိုးတွေ ကျောက်ပြင်သနပ်ခါးတုံးနဲ့ အာလူးကြော် မလိုင်လုံးတွေကို ဖြတ်သန်းခဲ့ပါတယ်။ 

သနပ်ခါးပါးကွက်ကြားနဲ့ အညာသူမကြီးကို မြင်ခဲ့ပါတယ်။ သဲမြေပွပွမှာ ထွန်ယက်ရင်း မြေပဲစိုက်နေတဲ့ ဖျင်ကြမ်းအင်္ကျီ ဝါးခမောက်စုတ်နဲ့ အညာသားကြီးတွေကိုလည်း ဖြတ်သန်းသွားပါတယ်။ 

နွေကိုဖြတ်သန်းသွားတိုင်း ညောင်မုတ်ဆိတ်ပင်ကြီးတွေအောက်မှာ တမာ ထနောင်းရိပ်မှာ လမ်းဆုံလမ်းခွမှာ သောက်ရေအိုးစင်လေးတွေကို တွေ့ပါတယ်။ ကျနော်ရပ်လို့ ခပ်သောက်ခဲ့ပြန်ပါတယ်။ လူသောက်အိုးတွေပေါ့။ လူတွေလမ်းဘေးသောက်ရေအိုးစင်တွေ တန်ဘိုးထားကြပါသေးလား။ ကျနော်ကတော့ တခုတ်တရရပ်လို့ နားလို့သောက်ခဲ့ပါတယ်။ ရေအိုးပြုသူ ရေဖြည့်သူ ကျန်းမာလန်းဖြာပါစေပေါ့။ ရေလိုအေးလို့ပန်းလိုမွှေးပါစေ။ အဲလိုလည်း ဆုတောင်းပဓာနပြုခဲ့ဖူးပါတယ်။

နောက်တော့ လှည်းတပ်ဆွဲတဲ့ မြင်းတွေအတွက် ရာဘာခွက်သောက်ရေအိုးတွေ၊ ဆိတ်နွားတွေအတွက် ရေအိုင်ငယ်ငယ် လက်ပုတ်တွင်းတွေ ကျောက်စည်တွေကိုလည်း တွေ့ခဲ့ပါတယ်။ ကျနော်မမြင်ခဲ့ဖူး မကြားခဲ့ဖူးတာ မတွေးမိခဲ့ဖူးတာက ငှက်သောက်အိုးတွေပါပဲ။

 

၃။ 

“သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အညာနွေမှာ သစ်ပင်ကောင်းကောင်းတွေဆိုတာ ညောင်မုတ်ဆိတ်နဲ့ ညောင်ပင် ထနောင်း မန်ကျည်း တမာတွေပဲ။ အဲလိုနဲ့ ငှက်တွေလာလေ့ရှိတဲ့ နတ်စင်နဲ့ ညောင်ပင်တွေရှိတဲ့နေရာတခုရှိခဲ့တယ်။

အဲဒီနေရာဟာ ဧရာဝတီမြစ်နဲ့ မန်းချောင်းပေါင်းဆုံတဲ့နေရာ မင်းဘူးမြို့နယ်ထဲက မန်းကျိုးကျေးရွာအရှေ့တောင်ဘက်မှာပေါ့။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပေါ့။ မြစ်ချောင်းပေါင်းဆုံရာနေရာ အနီးက အရိပ်ကောင်းတဲ့ ညောင်ပင်အုပ်တွေဆီကို ပန်းချီဆရာတွေနဲ့ ကဗျာဆရာ တခြားဧည့်သည်တွေ ရောက်ခဲ့ကြတယ်။ အောက်ဒိုးထွက်ကြတဲ့ နွေရက်တရက်မှာပေါ့။

အသံစာစာနဲ့ လူမြင်ရင်အုပ်လိုက်ထပျံတတ်တဲ့ ဆက်ရက်လေးတွေ၊ လူမြင်တာနဲ့ ရှောင်ဝဲတတ်တဲ့ စာဝတီးအုပ်တွေ၊ အချောင်းအမြောင်းမှာ လူတွေ စာဖွဲ့ယူရတဲ့ တောကျီးကန်းတွေ၊ နဖူးထိပ်မှာ မွေးရာပါ သရဖူနဲ့ အမြီးရှည်ရှည်တွေကို ထိုင်မသိမ်းလို တွဲလျားချ လူရိပ်လူခြေကို ခြုံကြိုခြုံကြားက ချောင်းနေတတ်တဲ့ ဘွတ်ကလုံလေးတွေ၊ သစ်ရိပ်ခို အပူရှောင်ရင်း သံစုံတီးဝိုင်း ခင်းကျင်းနေတတ်တဲ့ ငှက်တော်လေးတွေ......... အထွေထွေသော ငှက်တွေ ပျံဝဲနေတဲ့ ကြားမှာ ရေဗူးတွေနဲ့ အမျိုးသားကြီးတဦးကို မြင်ခဲ့ကြတယ်။

နွေနေ့လယ် အပူနဲ့ လူ့လောကအပူတွေကို ခဏတာရှောင်ထွက် ရွာအပြင်ကိုထွက်ခဲ့တဲ့ လူသားတဦးကို တောနေတောထိုင်ငှက်တွေက မကြောက်ကြဘူး။ သူသွားလာနေတဲ့ အနီးနားတဝိုက်မှာ ပျံဝဲအော်ဟစ်လို့ အဖော်တွေကိုတောင် ခေါ်နေကြသလားလို့ ထင်မိစေတယ်။

သူလှည့်လည်သွားနေတဲ့ အပင်တွေကိုင်းတွေမှာ ထန်းရေထည့်တဲ့ မြူအိုးလိုမြေအိုးလေးတွေ ချိတ်ဆွဲထားတယ်။ အဲဒီအိုးတွေထဲကို သူယူလာတဲ့ရေတွေ ထည့်လိုက်တယ်။ ငှက်တွေသောက်ဖို့။ ငှက်သောက်အိုးတွေ။ ပူပြင်းတဲ့နွေနေမှာ လူတွေရေဆာသလို ငှက်တွေရေဆာနေမှာပဲ သူကအဲလိုစာနာ ကရုဏာကြီးမားခဲ့။ 

ငှက်တွေရေဆာနေမှာပဲဆိုတဲ့ အတွေးကျနော်တခါမှမဖြစ်ပေါ်ခဲ့ဘူး။ စဉ်းလည်းမစဉ်းစားခဲ့ဘူး။ သဘာဝတရားထဲမှာနေထိုင်နေတဲ့ ငှက်တွေကို တကူးတကရေတိုက်ဖို့လိုသလားလို့လည်း ကျနော် မတွေးခဲ့ဖူးဘူး။ ရုပ်နာမ်ခန္ဓာဖြစ်တည်နေတဲ့ ဘယ်အရာမဆို ဒုက္ခဆိုတာ ကပ်ပါလာတာပဲမလား။ စာနာကူညီတတ်ဖို့ပဲပေါ့။ တရားငါအလင်းပွင့်ခဲ့။ လူအဖြစ်ကိုတန်ဖိုးမြင်ခဲ့။ ငှက်သောက်အိုးတွေ အညာကိုဆန်ပြီး ကမ္ဘာကိုပျံဝဲသွားလိုက်စမ်းပါလေ။ 

တယောက်ရဲ့ဆာလောင်မှုကို တယောက်က ဖြည့်လိုက်ကြစမ်းပါလေ။ တယောက်ရဲ့အပူကိုတယောက်က မျှယူလိုက်ကြပါလေ။ တယောက်နဲ့ တယောက်ပြုံးပြလိုက်ကြစမ်းပါလေ။ 

 

၄။ 

ကဗျာဆရာဟာ ရေဖြည့်နေသူဘေးကနေခွါခဲ့တဲ့။ သူ့ခံစားမှုကနေသူမခွါနိုင်ဘူး။ ပျံဝဲနေတဲ့ငှက်တွေနဲ့ဝေးရာ ပြန်လာခဲ့တယ်။ စာနာမှုအလင်းတိမ်စိုင်တွေထဲကနေ သူ ပျံမထွက်နိုင်ဘူး။ ကဗျာဆရာဟာ စာနာမှုအကြောင်း ရင်ကိုခွဲလို့ ကဗျာတပုဒ်ကောက်ရေးလိုက်တော့တယ်။

 

“ငှက်သောက်အိုး”

ကိုယ်ရေသောက်တိုင်း

ရေပျောက်နေတဲ့ ငှက်ကလေးတွေကို

အာစေးထည့်မိသလို ခံစားရလို့

အရိပ်ရော အအေးဓာတ်ပါ ကောင်းတဲ့

ရွာထိပ်က သစ်ပင်တွေမှာ

ရေအိုးလေးတွေ လိုက်ချိတ်မိတယ်

 

လယ်ယာနဲ့ လှည်းနွားတွေ အပိုင်မရှိပေမယ့်

ကိုယ်ချိတ်တဲ့အိုး ကိုယ်တိုင် ရေဖြည့်ရေလဲ

ကိုယ်တည်ထားတဲ့ ကြိုးစိုင်းမြေအိုးလေးတွေမှာ

ရေသောက်ရင်း ပျော်ရွှင်နေတဲ့

ငှက်ကလေးတွေကို ကြည့်ရတဲ့ ပီတိဟာ

အကြွယ်ဝဆုံးသော ချမ်းသာမှုပါပဲ

 

အသံစာစာနဲ့ လူမြင်ရင် အုပ်လိုက်ထပျံတတ်တဲ့

ဆက်ရက်လေးတွေ 

ကောက်ပဲသီးနှံတွေ ဘယ်လောက်မှည့်မှည့်

လူမြင်တာနဲ့ ရှောင်ဝဲတတ်တဲ့ စာဝတီးအုပ်တွေ

အချောင်းအမြောင်းမှာ လူတွေ စာဖွဲ့ယူရတဲ့

တောကျီးကန်းတွေ

နဖူးထိပ်မှာ မွေးရာပါ သရဖူနဲ့

အမြီးရှည်ရှည်တွေကို ထိုင်မသိမ်းလို တွဲလျားချ

လူရိပ်လူခြေကို ခြုံကြိုခြုံကြားက ချောင်းနေတတ်တဲ့

ဘွတ်ကလုံလေးတွေ

သစ်ရိပ်ခို အပူရှောင်ရင်း

သံစုံတီးဝိုင်း ခင်းကျင်းနေတတ်တဲ့

ငှက်တော်လေးတွေ....

သူတို့တွေဟာ ကျွန်တော့်ပဌာန်းသံကို အလွတ်ရလို့

ကျွန်တော့်ခြေသံကို နားယဉ်ကြလို့

ကျွန်တော် ရေဖြည့်ရေလဲ နေပြီဆို

မလှန်းမကမ်းမှာ ဝမ်းပန်းတသာ ကခုန်ကြလို့

 

သဘာဝနဲ့ လူ့လောကရဲ့ပူလောင်မှုတွေကြောင့်

နွေနေ့လည်တိုင်း

ရွာအပြင် ပြေးထွက်လာမိတဲ့ကျွန်တော့်ကို

ငှက်ကလေးတွေက

သူတို့ ရိုးရာတေးသွားနဲ့ အိပ်မွေ့ချကြတော့

ကျွန်တော် ဒီလို အတွေးပွားမိတယ်

လူသားတွေ အချင်းချင်း

တစ်ယောက်ဆာလောင်မှုကို တစ်ယောက်က ဖြည့်ဆည်းရင်း

ကိုယ်ဆိုတဲ့ သီချင်းနဲ့

လူအများရဲ့ ယင်းနေတဲ့ အနာတွေ

အမြစ်ပြတ် ပျောက်ကင်းစေနိုင်ကြရင် သိပ်လှမှာပဲ.....။ ။

ဧဇံ

၁၆. ၅. ၂၀၁၇ အင်္ဂါ

 

၅။

ကမ္ဘာဟာ လူကောင်းတွေမွေးဖွားပေးပြီး လူများစွာကို အကျိုးဖြစ်ထွန်းစေခဲ့တယ်။ လူယုတ်မာတွေကို လွတ်ကျခဲ့လို့လည်း မီးလောင်တိုက်သွင်းခံခဲ့ရတယ်။ 

အဲလိုနဲ့ မြန်မာနိုင်ငံဟာ လူယုတ်မာတချို့ကို ခဏခဏလွတ်ကျခဲ့ပါတယ်။ ကလေးတွေငိုရတယ်။ စမ်းတွေခမ်းခဲ့ပါတယ်။ စာနာတရားကို ရေဆာသလိုဆာလောင်နေရတယ်။ ငှက်တွေကိုလှောင်အိမ်ထဲ ထည့်ထားတယ်။ ပန်းပင်တွေအစားကျည်တွေပွင့်ဖို့ ကျနော်တို့ ဆုတောင်းကြရတဲ့ လူယုတ်မာတွေကို လွတ်ကျခဲ့တဲ့ ခေတ်ကြီးပေါ့။

လူယုတ်တွေကို ကမ္ဘာကြီးထပ်လွတ်မကျဖို့ ကျနော်မျှော်လင့်တယ်။ ဆရာအောင်ချိမ့် ကဗျာတပိုင်းတစကို ကျနော် ခေါင်းထဲစွဲနေပေါ့။

 

“လူညစ်တစ်ယောက် ပေါ်လာတိုင်း ပေါ်လာတိုင်း

ကမ္ဘာကြီး အလုပ်ရှုပ်ရပါတယ်”

အောင်ချိမ့် (တောလားမှ)

 

#မြေလတ်အသံ

#ဆောင်းပါး #အက်ဆေး #ငှက်သောက်အိုး #နွေရာသီ #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10