သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံအုပ်စု၊ သဖန်းကုန်းရွာ၊ ရွာမရပ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းဟောင်းအမျိုးသား ၁ ဦးက လူငယ်အမျိုးသား ၁ ဦးကို ဓါးနဲ့ ခုတ်သတ်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ဓါးနဲ့ခုတ်သူဟာ ရွာမရပ်က အသက် ၅၀ နှစ်ကျော်အရွယ် ကိုညွန့်စန်းဖြစ်ပြီး သေဆုံးသူဟာ နတ်တလင်းမြို့နယ်၊ ရွှေကြာပင်အုပ်စု၊ ရုံးကုန်းရွာက အသက် ၁၈ နှစ်အရွယ် ကိုစိုးထက်အောင် ဖြစ်ကာ လည်ဂုတ်ပြတ်ရှဒဏ်ရာနဲ့ လက်နှစ်ဖက်ပြတ်ပြီး နေရာတင်သေဆုံးခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ ကျပန်းလုပ်ကိုင်နေသူတွေဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မနေ့မနက် ၈ နာရီဝန်းကျင်က ရွာမရပ်ရှိ သူတို့အလုပ်ရှင်နေအိမ်မှာ နှစ်ဦးတည်းရှိနေချိန် ဓါးနဲ့ခုတ်တဲ့ဖြစ်စဥ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ခုတ်တဲ့သူပြောတာကတော့ သေတဲ့ကောင်လေးက အလုပ်ရှင်အိမ်ကို ဆိုင်ကယ်နဲ့ရောက်လာချိန်မှာ သူ့(ကိုညွန့်စန်း)စိတ်ထဲမှာ မှောင်နေတယ်။ အဲဒီအချိန်မှာ ကိုင်းခုတ်ဓါးနဲ့ ခုတ်ချလိုက်တာတဲ့။ ကျန်တာ အဲ့ဒီလူ ဘာမှမသိဘူးလို့ပြောတယ်။ ရဲတွေလာတော့ ခုတ်တဲ့သူက သူ့အိမ်ကနေပဲ အေးအေးဆေးဆေး အဖမ်းခံတယ်။” လို့ ပျဉ်ပုံအုပ်စုသားတဦးကပြောပါတယ်။
သေဆုံးသူဟာ အရက်သေစာသောက်စားတာမရှိသလို အေးဆေးစွာနေတတ်သူဖြစ်ကာ အိမ်ထောင်ကျ ထားတာ တနှစ်ခန့်သာရှိသေးပြီး ငယ်စဥ်ကတည်းက ဖခင်သေဆုံးသွားလို့ မိခင်နဲ့အတူနေထိုင်နေရသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဓါးနဲ့ခုတ်သူဟာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က စိတ်ကစဉ့်ကလျားဖြစ်ကာ စစ်တပ်ထဲကထွက်လာသူဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံ ရွာသာကြီးမှာ နှစ်ကြိမ်ထက်မနည်း ဆေးကုသမှုခံယူဖူးသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် သဖန်းကုန်းရွာက အမျိုးသမီးတဦးကလည်း “ကိုညွန့်စန်းဟာ စိတ်ဖောက်ပြန်ချိန်တွေမှာ နေအိမ်မှာ ကြိုးချည်ထားရသူဖြစ်တယ်။”လို့ ပြောပါတယ်။
လူသတ်မှုကျူးလွန်တဲ့ ကိုညွန့်စန်းကို ပေါင်းတည်မြို့မရဲစခန်းမှာချုပ်နှောင်ထားပြီး ကိုစိုးထက်အောင်ရဲ့ အလောင်းကိုတော့ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မွန်းလွဲပိုင်းမှာသင်္ဂြိုဟ်မှာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂ ရက် မနက် ၇ နာရီလောက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တိုက်နယ်ထဲမှာ ၁၇ နှစ်အရွယ်အမျိုးသား ၁ ဦးက စိတ်ကျန်းမာရေးမကောင်းလို့ ဗိုလ်သင်တန်းကထုတ်ခံထားရသူကို ပြည်-တောင်ကုတ် ကားလမ်းဘေးမှာသတ်ပြီး ဗိုက်ကိုဖောက်၊ အသည်းကိုစွန့်ပစ်တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #လူသတ်မှု #မှုခင်း #စိတ်ကျန်းမာရေး
Share Share Share