"စိန်ပန်းအကြွေတွေအောက်က ကျောင်းဝတ်စုံ"

"စိန်ပန်းအကြွေတွေအောက်က ကျောင်းဝတ်စုံ"

 

စိန်ပန်းတို့က အစွမ်းကုန်ပွင့်ကြပြီ။ ရက်ခပ်စိပ်စိပ် ရွာလာသောမိုးမှာ ကျောင်းများဖွင့်ချိန်ကိုရောက်ပြီဟု သတိပေးလိုက်သလိုပင်။ ကျောင်းသားအများစုမှာ ရှင်နေလျှက် ချစ်လှသောသူငယ်ချင်းများ၊ စာသင်ကျောင်းများကို ခွဲခွါသွားကြရပြီဖြစ်သည်။ တချို့ကတော့ သေကွဲ ကွဲခဲ့ကြရပြီ ဖြစ်သည်။ ထိုနေ့ရက်များကို ကျနော်ဘယ်တော့မှ မမေ့ပါ။

ခွဲခွါခြင်းနှင့် ကွဲကွာခြင်းအကြောင်းတို့ကို ကျနော် အဓိပ္ပါယ်မဖွင့်လိုပါ။ ခံစားရမှုနှင့် ခံစားရခြင်းတို့ကလည်း တဦးနှင့်တဦး မတူနိုင်ပြန်ပါ။ သို့သော်လည်း နှလုံးသားရှိသူတိုင်း ခံစားကြဖူးသည် မဟုတ်လား။ ပိုလို့ဆိုးသည်ကတော့ မိသားစု၊ ညီအကိုမောင်နှမ၊ အဖေအမေတို့ထက် သူငယ်ချင်းတွေကို ပိုလို့ခင်တွယ် ဖြတ်သန်းကြသည့် ကျောင်းသားဘဝမှာတော့ သူငယ်ချင်းများနှင့် ခွဲခွါရသည့်၊ ကွဲကွာခဲ့ကြရသည်က ကြီးစွာသော ပူဆွေးသောက မဟုတ်ပါလား။

မိုးဦးလေဦးကျများမှာ ခပ်သော့သော့ တိုက်ခတ်ဝှေ့ယမ်းတတ်သော လေပြင်းတချို့က ကလူကျီစယ်စွာ သစ်ပင်များကို လှုပ်ယမ်းဆွဲခါ ပစ်တတ်ကြသည်။ လှုပ်ခါသွားသော ပင်အိုပင်ပျိုတို့ရဲ့ ပင်ဖျားထက်က အညွန့်အဖူး ပွင့်နုရွက်ဦးတို့ကလည်း ကြွေကျမြေခတတ်ကြသည်။ ထိုအထဲတွင် စိန်ပန်းပွင့်နီနီများလည်း ပါခဲ့ပါသည်။ 

နယ်စပ်မြို့လေးရဲ့ အခြေခံပညာစာသင်ကျောင်း၏ ကျောင်းဆောင်ရှေ့ စိန်ပန်းပင်မှာ ရဲရင့်သောစိန်ပန်းနီနီတွေ အစွမ်းကုန်ဖူးပွင့်နေကြသည်။ နံနက်ခင်းအစောဆီက ရွာထားသော မိုးကြောင့် ကျောင်းဝန်း ကတ္တရာလမ်းပေါ်မှာ မိုးရေအိုင်ငယ်လေးများအဖြစ် တင်ကျန်ရစ်သည်။ လေတိုက်လို့ ကြွေကြခဲ့ကြသည့် စိန်ပန်းပွင့်ချပ်လွှာတို့က ကတ္တရာလမ်းပေါ် မိုးရေနှင့်ကပ်ငြိကြလို့။ ဖြတ်လျှောက်သွားကြသည့် ကျောင်းသားကျောင်းသူများနှင့် မိဘတို့ရဲ့ ခြေလှမ်းအောက်မှာ တချို့စိန်ပန်းကြွေတို့က ကြေမွဆုတ်ပြဲသွားကြသည်။

ကျနော်ရောက်နေသော စာသင်ကျောင်းကို ကျနော်မသိပါ။ စာသင်ကျောင်းလေးက ကျနော်နှင့်မိသားစုအတွက် ပထမဆုံးရောက်ဖူးသည့် နေရာတခုဖြစ်လို့နေသည်။ စာသင်ကျောင်းကိုရောက်နေသော လူပေါင်း ရာချီသည့်သူများထဲတွင်လည်း ကျနော်သိသူတယောက်မှမပါပါ။ မကြာခင်ကမှ ရင်းနှီးသူတချို့ပါတာကလွဲလို့ ကျနော့်ငယ်ပေါင်းကြီးဖော်များလည်း မပါသလို သားနဲ့သမီးရဲ့ သူငယ်ချင်းများလည်း မပါပါ။ သူတို့အသိများလည်းမရှိပါ။ တကယ်တော့ ကျနော်တို့ရောက်နေသည့် စာသင်ကျောင်းသည် ကျနော်တို့ မိသားစုအတွက် အစိမ်းသက်သက်သာ ဖြစ်နေသည်။

ကျနော်တို့လိုပင် ကျောင်းသူကျောင်းသားများနှင့် မိသားစုအတော်များများက တဦးနှင့်တဦး သိမနေကြပါ။ ယခင်က သိကျွမ်းဖူးသူ ရပ်ဆွေရပ်မျိုးများ ဖြစ်နေသူများက ရာခိုင်နှုန်းအနည်းငယ်သာ ပါကြမည် ထင်သည်။ ဘာကြောင့် ကျနော်ပြောနိုင်လဲဆိုတော့ စာသင်ကျောင်းလေးက မြန်မာရွှေ့ပြောင်းများ အများစုလာရောက် တက်ကြသည့် ကျောင်းတကျောင်းဖြစ်လို့ပင်ဖြစ်သည်။ အခုတော့ နိုင်ငံရေးအခြေအနေတခုမှာ လာရောက်ခိုလှုံနေသူ၊ တိမ်းရှောင်နေရသူများအတွက် အားထားရာတခုဖြစ်လို့နေပြီ။

ကျနော်တို့ငယ်စဉ်တုန်းကတော့ ရှင်းပါသည်။ ကိုယ့်ရပ်ကွက်နဲ့ ကိုယ့်ကျောင်း ကိုယ့်ဆရာ/ဆရာမနှင့် ကိုယ်ကျောင်းသူ/ကျောင်းသားပင်။ တဦးနှင့်တယောက်မသိသူမရှိပါ။ ကျောင်းဖွင့်ရက်များတွင်လည်း အလုပ်မအားသည့် မိဘများက ရပ်ကွက်ထဲက ကျောင်းအပ်မည့် မိဘအချို့နှင့် ကိုယ့်ကလေးသူ့ကလေး ထည့်ပေးလိုက်သည်များရှိသည်။ 

ဒါကိုလည်း ကျောင်းက ဆရာ/ဆရာမတွေက စောဒကမတက်ပါ။ စာရင်းသွင်းလက်ခံလိုက်ပါသည်။ တချို့လည်း အခြေခံလူတန်းစားနွမ်းပါးများမို့ ကလေးများကိုယ်တိုင် ကျောင်းလာအပ်သည်များရှိသလို အကိုအမတွေက လိုက်အပ်သည်များလည်း ရှိသည်။ သူ့အရပ်နှင့်သူ့ဇာတ် အားလုံးအိုကေခဲ့ပါသည်။ 

ထိုသို့ပင် မေလရဲ့ ကျောင်းအပ်နှံရေးနေ့များကို ကျော်ဖြတ်ခဲ့ကြဖူးသည်။ တချို့လည်း ဇွန်လကျောင်းဖွင့်ချိန် ကျောင်းစတက်သည့်နေမှ ကျောင်းအပ်ရင်းကျောင်းတက်သူများပင် ရှိခဲ့ဖူးသည်။ ဘာမှမဖြစ်ပါ။ အဆင်ပြေခဲ့ကြသည်။ တခုသာ ကျောင်းသုံးစာရေးကိရိယာများနှင့် တခြားသော သင်ထောက်ကူများကတော့ ကျနော့်တို့ မရကြ။ တခါတလေလည်း ကံစမ်းမဲနှိုက်ကြရသည်။ တခါတလေတော့လည်း ပုံနှိပ်စာအုပ်များကို ကျောင်းကဆရာ/ဆရာမများက လက်ဆင့်ကမ်းခဲ့သည်များရှိသည်။ 

ကျောင်းဖွင့်ရာသီရောက်ပြီဆို အဖေနဲ့အမေ ဗျာများခဲ့ရသည်။ ကျောင်းဝတ်စုံအသစ် ဝယ်နိုင်သည့်နှစ်တွေရှိသလို မဝယ်နိုင်ခဲ့သည်နှစ်များလည်း ရှိခဲ့သည်။ အစ်ကို၊ ကျနော်နှင့် ညီမလေးတို့ တပြိုင်ထဲကျောင်းပို့ရသည့် ကုန်ကျမှုကအတော်များခဲ့သည်။ ကျောင်းဝတ်စုံအဖြူအစိမ်း၊ ကျောင်းလွယ်အိတ်နှင့် ပုံနှိပ်စာအုပ်များကို လက်ဆင့်ကမ်းပြီး သုံးကြရသည်။

ကျနော်မှတ်မိနေသည့် ကျောင်းဝတ်စုံ အဖြူလေးများသည် နှစ်စဉ်ဇွန်လရောက်ပြီဆို သစ်သားသေတ္တာနှင့် သံသေတ္တာအဟောင်းကြီးများထဲမှ ထွက်လာကြသည်။ 

သံသေတ္တာကြီးများအောက်ခြေ အတွင်းသံပြားကို စက္ကူခံထားသော်လည်း လွတ်သည့်နေရာကနေ သံချေးကိုက်ခံရသည့် အင်္ကျီများက နီကျင်ကျင်အကွက်လေးတွေ ရှိနေတတ်သည်။ ထို့ထက်ထင်သာမြင်သာရှိသည်က ဖားဥစွဲသည့် အမဲအစက်အပျောက်လေးများ စွန်းထင်းနေသည့် ကျောင်းအင်္ကျီအဖြူများ ပင်ဖြစ်သည်။

ကျနော်တို့ မောင်နှမသုံးယောက်၏ ကျောင်းဝတ်စုံများသည့် နှစ်စဉ်တော့ အသစ်များမဟုတ်ပါ။ အင်္ကျီအဖြူများတွင် ဖားဥသော်လည်းကောင်း တခြားသော အစွန်းအထင်းသော်လည်းကောင်း ရှိနေတတ်သည်။ ထို့အတူ ကျောင်းစိမ်းလုံချည်ပုဆိုးတို့ကလည်း မီးပူမတိုက်ဘဲ ကြိမ်ဖန်များစွာ လျှော်ဖွပ်စည်းလာကြသည့်အတွက် ပုဆိုးအနားများက စုစည်းထားသည့်ခေါက်ရိုးကြောင်းလေးများ ရှိနေတတ်သည်။ လွယ်အိတ်များသည်လည်း ထိုနည်းတူပင်။ ကြိုးပေါက်လျှင်ပေါက် ဒါမှမဟုတ် လွယ်အိတ်ဖင်ပေါက်နေတာမျိုးပင် ရှိတတ်သည်။ 

သို့သော်ကျနော်တို့ ကျောင်းနေပျော်ခဲ့ကြသည်။ စာမတော်ခဲ့ပါ။ ကျနော်က ကျောင်းသွားရတာပျော်ပြီး စာသင်ရတာမပျော်ခဲ့ပါ။ တခါတရံမှာတော့ နွမ်းပါးသော အဝတ်အစားအသုံးအဆောင်များကြောင့် ကိုယ့်ဘာသာ သိမ်ငယ်စိတ်ဖြစ်သည်များ ရှိသည်။ ပေါင်းသင်းခဲ့ကြရသည့် သူငယ်ချင်းများကတော့ ထိုသို့မဟုတ် ဘယ်သွားသွားဘာလုပ်လုပ် ကျနော့်ကိုခေါ်ကြသည်။ အတူသွားအတူစားအတူအိပ်ကာ ကျောင်းချိန်ပြင်ပမှာပင် ကျနော်တို့ အတူတူရှိခဲ့ကြသည်။ 

တယောက်အိမ်တယောက်အိပ်ကာ တယောက်အခက်ခဲတယောက်ဖြေရှင်းကြရင်း အထက်တန်းကျောင်းသားဘဝမှာတော့ လက်ဖက်ရည်တခွက်ကို နှစ်ယောက်မျှသောက်ရင်း ဂျင်းဘောင်းဘီတထည်ကို သူငှားကိုယ်ငှားနှင့် ဝတ်ကြသည်အထိ သူငယ်ချင်းများနှင့် ရင်းနှီးခဲ့ကြသည်။ 

အုပ်စုလိုက်ရန်ဖြစ်ကြသည့်အခါမှာပင် အရပ်အမောင်းကောင်းသူနှင့် ဗလတောင့်သူ လက်ယဉ်သူများက တခြားကျနော့်လို သေးကွေးသည့်သူကို ကာကွယ်ပေးကြသည်။ ကျနော်သယ်ဆောင်လာသော ရန်ပြဿနာများကို ဒိုင်ခံဖြေရှင်းကြရသည်။ 

အိမ်ကဘာပြောပြော မကောင်း။ သူငယ်ချင်းက တခုခုပြောလိုက်လျှင်တော့ ထိုအရာသည် ကြီးကျယ်ခမ်းနားသော ကိစ္စဖြစ်နေတော့သည်။ တခါတရံ အိမ်နှင့်စိတ်ဆိုးသည့်နေ့များတွင် သူငယ်ချင်းများအိမ်ကို သွားအိပ်ဖြစ်သည်အထိ ကျောင်းသားဘဝက သူငယ်ချင်း မင်ခဲ့သည်။ တခြားသူများလည်း ထိုသို့ပင် နေကြပါလိမ့်မည်။

ကျနော်အိမ်ထောင်ကျလို့ ကလေးများမွေးဖွားကာ သူတို့ကို ကျောင်းထားရသည့် အခါမှာတော့ ကျနော်တို့တုန်းကလို မဖြစ်အောင် ကျနော်အထူးသတိထားခဲ့သည်။ သားနဲ့သမီးကို သူငယ်ချင်းပေါင်း ပေါင်းကာ သူတို့သူငယ်ချင်းများကိုလည်း ကျနော့်သူငယ်ချင်းများလို ပေါင်းသင်းသည်။ အိမ်ကို ဝင်ထွက်သွားလာ ပျော်ရွှင်စွာ နေခိုင်းခဲ့သည်။ သူတို့သူငယ်ချင်းများနှင့် သူတို့ကို ကျနော် ဘယ်တော့မှ မခွဲပါ။ သူတို့ သူငယ်ချင်းများကိုလည်း ဘယ်တော့မှ ကျနော်ခွဲခြား မဆက်ဆံပါ။ 

တခါတရံများတွင် သားနဲ့သမီးသူငယ်ချင်းများ၏ မိဘများအပေါင်းအသင်းများနှင့်ပင် ကျနော် မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားသည်များပင် ရှိခဲ့ကြသည်။ အခြေအနေ အရပ်အရပ်ကြောင့် ကျောင်းပြောင်းရမည့် အရေးပေါ်လာခဲ့သည်တိုင်အောင်ပင် ကျ‌နော်များစွာ တွေးခဲ့ရသည်။ သူတို့ကျောင်းနှင့် သူတို့သူငယ်ချင်းများ ခွဲခွါကြရမည့်အရေးကို အတော်စဉ်းစားရသည်များ ရှိခဲ့ဖူးပါသည်။ သို့သော် ပညာရေးအကြောင်းကို ကျနော်ကောင်းကောင်း မသိခဲ့ပါ။ 

ကျနော်ဖတ်ဖူးသော ဆရာမြသန်းတင့်ရဲ့ “လမင်းကိုထရံပေါက်မှကြည့်ခြင်း” စာအုပ်ထဲမှာတော့ “ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်။ အမှားနဲ့အမှန်ကိုဆုံးဖြတ်တတ်ဖို့ တရားမှုနဲ့မတရားမှုကို ခွဲခြားတတ်ဖို့” ဆိုပြီး ဂျွန်ရပ်စကင်းရဲ့ အဆိုအမိန့်တခုကို ကိုးကားပြီး “စာကိုဘယ်လိုဖတ်ကြမလဲ” ခေါင်းစဉ်နဲ့ ပညာအကြောင်းဖွင့်ဆိုသွားခဲ့သည်။

ဂျွန်ရပ်စကင်းက ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေ အနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာ ဝေဖန်ရေးဆရာ၊ စာတမ်းဆရာတဦးဖြစ်သည်။

စာသင်ကျောင်းများက ဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်းသားများကြား တကယ်စစ်မှန်သော ဉာဏ်ပညာ၏ အမှန်အမှား၊ တရားခြင်း၊ မတရားခြင်းနှင့် ဓမ္မ အဓမ္မ၊ ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာ၊ ကိုယ်ချင်းစာစိတ်တို့ကို ခွဲခြားသင်ကြားပေးနိုင်စွမ်း မရှိပါက အဘယ်သို့သော ကမ္ဘာကျော် စာသင်ကျောင်းများဖြစ်ပါစေ ထုတ်ကုန်ပစ္စည်းများ ထုတ်နေသော စက်ရုံတခုနှင့် မခြားပါ။ ထိုအရာသည် လူ့လောကပတ်ဝန်းကျင်အတွက် ရေရှည်ဆိုးကျိုးကိုသာ ဖြစ်ထွန်းလာမည်ဖြစ်သည်။

တကယ်တော့လည်း ကျနော်တို့ သိထားသည့် ကျနော်တို့ရင်ဆိုင်ခဲ့ရသည့် ပညာရေးစနစ် ပညာသင်ကြားမှုပုံစံသည် အသက်အရွယ်အလိုက်ရှိရမည့် အတန်းပညာ၊ အတတ်ပညာနှင့် စာသင်ကျောင်းများမှာ စာသင်ကြားနိုင်ခွင့်များသည် ပညာမဟုတ် သတ်မှတ်ချက်များသာ ဖြစ်နေကြသည်။

ပညာရေးစနစ်တခုကို နိုင်ငံ၏ ဦးနှောက်သဖွယ်၊ ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာကို ပညာရေးအနှစ်သာရသဖွယ် သင်ကြားခွင့်ရသော သင်ကြားပေးသော နိုင်ငံမျိုးမှာ ကျနော်တို့နိုင်ငံမပါဝင်ခဲ့ပါ။ 

ဝါဒဖြန့်ချီရေးသာသာ စာသင်ကျောင်းများကြား ကျနော်တို့လို့ မိဘများနှင့် ကျောင်းသူကျောင်းသားများကို ရွေးချယ်ခွင့်မပေးခဲ့သော နှစ်များစွာရှိခဲ့ပါသည်။ ထိုနှစ်များထဲက အဆိုးဆုံးကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းသည် ကျနော်တို့အတွက် အဆိုးဆုံးဖြစ်မည်ထင်သည်။

ကျနော်ရဲ့ သားနဲ့သမီးသည်လည်း စစ်အာဏာရှင်လက်အောက် ကျောင်းတွေကိုမတက်ဘဲ ၂ နှစ် ဘွိုင်းကောက်လုပ်ခဲ့သည်။ နောက်တော့ ကျနော်ရှောင်ပုန်းနေရာ နယ်စပ်မြို့လေးသို့ လိုက်လာခဲ့ကြပြီး ရွှေ့ပြောင်းများကို ပညာသင်ပေးနေသည့် ကျောင်းတခုမှာ ဝင်တက်လိုက်ကြရသည်။ ကျနော်တို့ များစွာ အဆင်ပြေ ကံကောင်းသည်ဟု ထင်ပါသည်။ ရွေးချယ်ခွင့်တို့ ရခဲ့ပါသည်။ သို့သော် အမှန်အတိုင်းဝန်ခံရရင် ဘဝတူ တော်လှန်ရေးမိသားစုများရဲ့ ကလေးငယ်များပညာရေးအတွက် ကျနော် မကူညီနိုင်ခဲ့ပါ။ ထို့အတူ တယောက်နဲ့တဦး မကူညီနိုင်ကြသည့် မိသားစုတွေ၊ မိတ်ဆွေတွေ ဘယ်လောက်တောင် များခဲ့ကြပြီလဲ။ သူတို့တွေ ဘယ်လိုများ ရုန်းကန်နေကြရပါသလဲ။

တော်လှန်ရေးအင်အားစုများရဲ့ သားသမီးများက တချို့ တောတောင်တွေထဲ ပညာသင်ကြားခွင့် မရတော့။ တချို့လည်း စစ်ရှောင်ရင်း ကတုတ်ကျင်းဘေး စာသင်ကြရသည်။ တချို့ကတော့ မြို့ပြဆင်ခြေဖုံး ကျေးလက်တွေမှာ ရှောင်ရှားကြရင် ကြားကာလပညာရေးစနစ်ကို ဆက်လက်တက်ရောက် နေကြသည်။ တချို့ကတော့ ပညာရေးဖက်ကို မလှည့်နိုင်ကြတော့။ မရွေးချယ်နိုင်ကြတော့ပါ။ 

အမှန်နဲ့အမှား တရားမှုနှင့်မတရားမှု ဓမ္မနှင့်အဓမ္မ တို့သည် စာသင်ကျောင်းများတွင် ဆိတ်သုဉ်းပျောက်ကွယ်သွားသည့်အခါ တချို့က စာသင်ကျောင်းများနှင့် ချစ်လှစွာသော သူငယ်ချင်းများ ကို စွန်ခွါခဲ့ကြ ပါတော့သည်။ 

တချို့လည်း ဝမ်းနည်းဖွယ်ရာကောင်းလောက်အောင်ပင် တော်လှန်ရေးအတွက် အသက်ပေးရင်း စာသင်ကျောင်းများကို အပြီးတိုင်ကျောခိုင်းလိုက်ကြရပါသည်။ စိန်ပန်းတို့ ပွင့်နေကြသည့် စာသင်ကျောင်းများထဲ ကျောင်းသားများ ပြန်မလာနိုင်ကြတော့ပါ။ တချို့သော စာသင်ခုံနှင့် ခုံနံပါတ်လေးများတွင် ပိုင်ရှင်မရှိတော့ပါ။ တချို့သော ခုံတန်းလျားလေးများ နွေးထွေးမနေတော့ပါ။

မြေဖြူကိုင်သော လက်များ ပညာပေးသော နှလုံးသားများက တောတောင်တွေထဲ လက်နက်ကိုင်နေကြရပါသည်။ အချို့စာသင်ကျောင်းများက စစ်တလင်းအတွင်း ပျက်စီးလို့။ တချို့စာသင်ကျောင်များက စစ်ရှောင်စခန်းများဖြစ်လို့။ 

အခုတော့ ဓမ္မနှင့်အဓမ္မကြား မိသားစုများ ရှင်ကွဲ သေကွဲ၊ သူငယ်ချင်းများ ရှင်ကွဲ သေကွဲ၊ မိတ်ဆွေများ ရှင်ကွဲ သေကွဲ ကွဲခဲ့ကြရသည်။ တချို့လည်း ယုံကြည်ရာတွေ ရှင်ကွဲ သွေကွဲ ၊ လျှောက်သည့်လမ်းများ ရှင်ကွဲ သေကွဲ၊ သူငယ်ချင်းတွေ ရှင်ကွဲ သေကွဲ၊ စာသင်ကျောင်းနှင့် ကျောင်းသားများ ရှင်ကွဲ သေကွဲ၊ ဆရာ/ဆရာမများနှင့် စာသင်ကျောင်းများ ရှင်ကွဲ သေကွဲ၊ အရာရာသည် ရှင်ကွဲ သေကွဲ ကွဲခဲ့ကြရပြီဖြစ်သည်။ 

ကျောင်းပရဝဏ်များတဝိုက် စိန်းပန်းတို့က ပွင့်ချိန်တန်လို့ ရဲရဲပွင့်ခဲ့ကြပြီးဖြစ်သည်။ အခုတော့ လေပြင်းတို့ကြောင့် တချို့ကြွေကျမြေခ သွားကြရသည်။ သူတို့သည်လည်း တချိန်က ရဲရဲနီအောင် ပွင့်ခဲ့ကြသည် မဟုတ်လား။ တချို့လည်း ရဲရဲနီလို့ ပွင့်ဝေနေဆဲမဟုတ်လား။

တချို့လည်း ပြန်ဝတ်ခွင့်မရှိသေးသည့် ကျောင်းဝတ်စုံလေးများကို လွမ်းနေကြမည်။ တချို့ကျောင်းဝတ်စုံလေးများကတော့ ပြန်မလာတော့သည့် ဝတ်စုံပိုင်ရှင်လေးများ ကိုမျှော်နေကြသည်။ စိန်ပန်းတို့သည် မိုးဦးကာလဖြစ်သည့် မေလနှင့် ဇွန်လရောက်တိုင်း ပွင့်နေကြမည်ဖြစ်သည်။ စိန်ပန်းပွင့်ကြွေများ၏ လမ်းမထက် သွေးစွန်းခဲ့ရသည့် ကျောင်းဝတ်စုံများကိုတော့ ကျနော်ဘယ်တော့မှ မမေ့ပါ။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10