ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်တဲ့ဒရုန်း ၂ စီး မိုးလေပြင်းထန်လို့ ပြုတ်ကျပျက်စီး

ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်တဲ့ဒရုန်း ၂ စီး မိုးလေပြင်းထန်လို့ ပြုတ်ကျပျက်စီး

စစ်ကိုင်းမြို့၊ ဆားတောင်နယ်မြေရဲစခန်းကို ဗုံးသွားကြဲတဲ့ ဒရုန်း ၂ စီး ပျက်ကျပြီး ပျက်စီးသွားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force က တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဆားတောင်ရဲစခန်းကို ဇူလိုင် ၃၁ ရက် မနေ့ညနေ  ၄ နာရီခွဲလောက်မှာ ရွှေဘိုခရိုင် တပ်ရင်း ၁၅ နဲ့ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ဒရုန်း ၂ စီးနဲ့ဗုံးသီး ၉ လုံးချတိုက်ခိုက်ပြီးအပြန်မှာ မိုးလေသည်းထန်တာကြောင့်  ပျက်ကျခဲ့တာလို့ဆိုပါတယ်။

‘’ပထမတစီးကဗုံးချပြီးပြန်လာတာ အနီးရောက်ကာနီးမှ လေတိုက်ပြီး မန်ကျည်းပင်ပေါ်သွားတင်တာ။ တစီးကကလည်းဗုံးချပြီးအပြန်မှာ မိုးကလည်းမိထားတော့ ထိန်းမရဘဲ ပြုတ်ကျတာ၊ အပြင်ပန်းမြင်ရတာ ခြေထောက်ကျိုးတယ်။ မော်တာပိုင်း ထိခိုက်သွားတယ်။ အသေးစိတ်ကို စစ်ဆေးနေတုန်းပဲ'' လို့ ဗိုလ်ကောက်ရိုးက မြေလတ်အသံကို ပြောပါတယ်။ 

ဒရုန်းတစီးကို ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိကာ အလှူရှင်ဆီကရတဲ့ငွေ၊ တပ်ရင်းငွေနဲ့ လိုငွေကိုချေးငှားဝယ်ရတာဖြစ်လို့ ပေးဆပ်ဖို့ ကျန်နေသေးပြီး ဒရုန်းတစီးမှာ တိုက်ခိုက်မှုအကြိမ်ရေ ၅၀ ကျော်အသုံးပြုထားပြီးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

Eagle Guerrilla Forceနဲ့ မဟာမိတ်တွေအနေနဲ့ စစ်အုပ်စုဘက်ကို ထိရောက်တဲ့တိုက်ခိုက်မှုတွေဆက်လက်ဖော်ဆောင်ဖို့ ဒရုန်းအသစ်ဝယ်ယူနိုင်ရေးအတွက်လည်း ပြည်သူတွေအနေနဲ့ အလှူငွေတွေထည့်ဝင်ကြဖို့လည်း ဆိုပါတယ်။  

ဆားထောင်ရဲစခန်းတိုက်ခိုက်မှုမှာ Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့(လေသူရဲဒရုန်းတပ်ဖွဲ့)၊ ဆားတောင်မိုးကြိုး၊ MRDFနဲ့ GTR MMUတို့ပူးပေါင်းခဲ့တာလို့သိရပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်ကလည်း Eagle Guerrilla Forceအဖွဲ့ဟာ မဟာမိတ်တွေနဲ့ပေါင်းပြီးဝက်လက်မြို့နယ်ဟန်လင်းမြို့ဟောင်းက စစ်သားနဲ့ပျူစောထီးတွေကို အဲ့ဒီဒရုန်း ၂ စင်းနဲ့ပဲ ဗုံးသီး ၅ လုံးချကာတိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - ပျက်ကျခဲ့တဲ့ ဒရုန်း ၂ စီးကိုတွေ့ရစဉ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ဆားတောင် #ရဲစခန်း #တိုက်ခိုက်မှု #ဒရုန်းပျက်စီး #ရာသီဥတု #ပြင်းထန်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10