ဆိပ်ဖြူမှာ ကင်းလှည့်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲရာ အရာရှိတဦးအပါ ၁၀ ဦးသေဟုဆို

ဆိပ်ဖြူမှာ ကင်းလှည့်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲရာ အရာရှိတဦးအပါ ၁၀ ဦးသေဟုဆို

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိတဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP(ပကဖ)က ဩဂုတ် ၅ ရက် မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မခေါက်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်ချစခန်းကနေ ဆိပ်ဖြူ - ပေါက် လမ်းပေါ်ကို လုံခြုံရေးယူဖို့ စစ်သား ၂၀ ဦးခန့် ကားနဲ့ထွက်လာစဉ် ၎င်းတို့ရပ်နားနေကြ ချတောက်ရွာထိပ်အနီး အဆောက်အဦတခုမှာ မနက်စာစားဖို့ ပြင်ဆင်နေချိန် ဩဂုတ် ၃ ရက် မနက် ၈ နာရီလောက်မှာ အသင့်ထောင်ထားတဲ့  မိုင်းအကြီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းကွင်းထဲမှာ ၁၅ ယောက် မနက်စာစားဖို့ ပြင်နေတုန်း မိုင်းဆွဲလိုက်တာမှာ မိုင်းကွင်းထဲက ၁၀ ဦးကတော့ နေရာတင်ပဲ ပွဲချင်းပြီးသေသွားတယ်။  ၄ ဦးကတော့ ခြေပြတ်လက်ပြတ်ဖြစ်တာကို သတင်းပြန်ကြားရတယ် “ လို့ ဆိပ်ဖြူမြောက်ပိုင်း(ပကဖ) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်သူရိန်က ပြောပါတယ်။ 

မိုင်းဆွဲအပြီး မိနစ် ၂၀ လောက်အကြာမှာ ကပစ ၂၂ နဲ့ ထမ္မကောက်အထိုင်စခန်းက အင်အား ၁၀၀ နီးပါးရှိ စစ်သားတွေ ကားနှစ်စီးနဲ့ ရောက်လာကာ မနက် ၉ နာရီခွဲလောက်မှာ မိုင်းဆွဲတဲ့နေရာနဲ့ ကပ်လျက်က ရွာသစ်ရွာကို ဒရုန်းနဲ့ ဗုံး ၂ လုံးချခဲ့တဲ့အတွက် ‌ကျေးရွာအတွင်းက အမျိုးသမီးတဦးသေကာ ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့သလို အနီးဝန်းကျင်ကိုလည်း လက်နက်ကြီးနဲ့  ပစ်ခတ်တာတွေရှိတယ်လို့  သူက ဆက်ပြောပါတယ်။

ထိခိုက်သေဆုံးတဲ့ စစ်သားအလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့ ပြန်သယ်ကာ ဆိပ်ဖြူဆေးရုံကနေတဆင့် မိတ္ထီလာဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲခဲ့တဲ့အတွက် စစ်သားအရာရှိ ၁ ဦးနဲ့  တပ်သား ၉ ဦးအပါအဝင် ၁၀ ဦး သေပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိဩဂုတ် ၆ ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေရာမှာပဲ ခရီးသွားပြည်သူတွေနဲ့ ကားတွေကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ဆိပ်ဖြူမြို့နယ် ပကဖ ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းခဲ့ပြီး တိုက်ခိုက်ရေး ရဲဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။ 

ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းစုံဂိတ်ကနေ ဆိပ်ဖြူ - ပေါက်လမ်းပိုင်းအတိုင်း  အင်အား ၂၀ ဦးလောက်နဲ့ ထွက်လာတဲ့ စစ်ကားတစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။

ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်သလို လက်ရှိမှာ တိုက်ပွဲဝင်ရာမှာ အဓိကလိုအပ်တဲ့ သေနတ်ရရှိနိုင်ဖို့ NSP အတွက် Gun ကူစို့ ကမ်ပိန်းကိုလည်း ပြုလုပ်နေပြီး လက်မှတ်တစောင်ကို ကျပ် ၅၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပုံစာ- မနက်စာစားဖို့ ပြင်နေတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တဲ့အဆောက်အဦး။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း  #ဆိပ်ဖြူမြို့  #ကင်းလှည့်  #စစ်ကောင်စီ  #PDF #ပြည်သူ့ကာကွယ်ရေးတပ်  #NSP  #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10