တကောင်းမြို့ကို ၂ ရက်ကြာတိုက်ခိုက်ပြီး ကာကွယ်ရေးတပ်တွေသိမ်းပိုက်

တကောင်းမြို့ကို ၂ ရက်ကြာတိုက်ခိုက်ပြီး ကာကွယ်ရေးတပ်တွေသိမ်းပိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ၂ ရက်ကြာတိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ တကောင်းမြို့ပေါ်က ထွေအုပ်၊ ဆေးရုံ၊ မြို့မရဲစခန်း၊ လေးမျက်နှာဘုရား စတဲ့နေရာတွေကို သြဂုတ်လ ၁၁ ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၂ ရက် မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ မြို့ကိုရရှိခဲ့တာလို့ ဆိုပါတယ်။

“ပထမရက်ကတော့ ထွေအုပ်ရယ်၊ ရဲစခန်းရယ်၊ ဆေးရုံရယ် အပြီးသတ်ရတာပေါ့နော်၊ အဓိကကြာတာက လေးမျက်နှာပေါ့၊ အဲ့က ကောင်တွေက လုံးဝမှကို လက်နက်မချဘူး၊ သူတို့ပဲကြာတာ။”လို့ သပိတ်ကျင်း ပကဖရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်အများအပြား ရရှိထားပြီး အတိအကျကို သတင်းထုတ်ပြန်မှာ ဖြစ်သလို လက်ရှိမှာ ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ကာ လက်ရှိ မြို့ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းသိမ်းထားဆဲဖြစ်ပြီး ပြည်သူတွေကိုဝင်ခွင့် မပြုသေးဘူးလို့ သိရပါတယ်။

တကောင်းမြို့ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ထိစပ်နေပြီး မြို့မြောက်ဘက်မှာ ထီးချိုင့်၊ အနောက်ဘက်ခြမ်းမှာ ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရှေ့ဘက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နဲ့ ထိစပ်တဲ့မြို့တမြို့လည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း တကောင်းတောင်ပေါ်က စစ်ကောင်စီတပ်လက်အောက်ခံ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ငယ် ၁၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ် ၂၈ ခု၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #တကောင်း #ကာကွယ်ရေးတပ်ဖွဲ့ #သိမ်းပိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10