သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာနိုင်ငံရဲ့ နာမည်ကြီးကားလမ်းတွေထဲမှာ ပါဝင်တဲ့ တောင်ကုတ်ကားလမ်းဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ပေးထားတာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၂၈၀ ပေအထိရှိတဲ့ အဲဒီကားလမ်းဟာ ရခိုင်ရိုးမကိုကန့်လန့်ဖြတ်လို့ ခပ်ကြမ်းကြမ်းဖောက်လုပ်ထားပေမယ့် လူသိများတဲ့ နိုင်ငံကျော် ကားလမ်းတခုပါ။
တကယ်တော့ ပန်းတောင်း-တောင်ကုတ်ကားလမ်းဟာ ဆက်သွယ်ရေးလမ်းမတခုဆိုတာထက်ပိုတဲ့ ခရီးသွားဆွဲဆောင်မှုရှိတဲ့နေရာ မီးခိုးတိတ်စီးပွားရေးလို့ခေါ်တဲ့ အစိမ်းရောင်စီးပွားရေးတွေလုပ်ရာ၊ ဌာနေတိုင်းရင်းသားတွေနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေအတွက် အကျိုးပြုရာ၊ သာသနာပြုလုပ်ငန်းတွေ အခြေချရာ၊ ပြည်နယ်နဲ့ ပြည်မ ယဉ်ကျေးမှုတို့ ကူးလူးဖလှယ်ခဲ့ကြရာ လူမှုသဘာဝပတ်ဝန်းကျင် အဝိုင်းအဝန်းကြီးတခုပါပဲ။
တခေတ်တခါကတော့ လီဗာသံပြင်းပြင်း၊ ဟွန်းသံတဆူဆူနဲ့ ကုန်တင်ကားကြီးတွေ၊ ဘော်ဒီမြင့်မြင့် လေးအဆင့်ဆင့်ပိုးထားတဲ့ ခရီးသယ်တင်ဟီးနိုးကားတွေ၊ ကမ္ဘာကျော်ငပလီကမ်းခြေကို အပန်းဖြေသွားကြတဲ့ အိမ်စီးကားတွေနဲ့ စွန့်စွန့်စားစားခရီးသွားရတာကို ကြိုက်ကြတဲ့ ဆိုင်ကယ်စီးသမားတွေ၊ စက်ဘီးစီးသမားတွေ။ ဒေသအစားအစာတွေနဲ့ သဘာဝပတ်ဝန်းကျင်အလှအပကို ခံစားချင်သူတွေ ထိုထိုသောသူတွေကို မျှော်နေကြတဲ့ တောင်ပေါ်ရွာတွေနဲ့ ခရီးသွားတွေကို သူ့ထက်ငါအော်ဟစ်ဖိတ်ခေါ်နေကြတဲ့ လမ်းဘေးထမင်းဆိုင်တွေဟာ အဲဒီကားလမ်းမကြီးပေါ်မှာ နေ့မနားညမအိပ် စည်ကားတိုးဝှေ့ ရှိနေခဲ့တာပါ။
လမ်းမတခုကိုအမှီပြုထားတဲ့ အဲဒီလူမှုဝန်းကျင်ဒေသအဝန်းအဝိုင်းကြီးဟာ ကိုဗစ်-၁၉ မှာကာလမှာ ၂ ကြိမ်နဲ့ စစ်အာဏာသိမ်းပြီးနောက် တကျော့ပြန်တိုက်ပွဲတွေပြန်စတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ယနေ့အချိန်အထိ ၁၀ လ(၁ နှစ်နီးပါး)ကြာအောင် အထီးကျန်ဆန် တကိုယ်ရည်တောတွင်းလမ်းမကြီးအဖြစ် တိတ်ဆိတ်ခြောက်ကပ်လို့ သွားပါတော့တယ်။
၂၀၂၃ နှစ်လယ်ကနေစပြီးတော့ အာရက္ခတပ်တော် (AA)ရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ ဆက်တိုက်ဆိုသလို မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်နေရာအများအပြားမှာ အရေးနိမ့်ဆုတ်ခွါခဲ့ရပြီးတဲ့နောက် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်း ၃ လမ်းစလုံးကို သွားလာလို့မရအောင် လုံးဝပိတ်လိုက်တာပါ။
၇ လနီးပါးကြာပိတ်ထားခဲ့တဲ့ လမ်းတွေကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ အိမ်စီးကားလေးတွေကို သွားလာခွင့်ပြန်ပြုခဲ့ပါတယ်။ ပြန်ဖွင့်ပြီးရက်ပိုင်းအကြာ တောင်ကုတ်လမ်းကနေ ရိက္ခာတွေသယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဟာ လမ်းကို ပြန်ပိတ်လိုက်ပါတော့တယ်။
“မေလဖွင့်ပြီး ဒီကြားထဲမှာ ခဏဖွင့်လိုက်တယ်။ ရိက္ခာတွေဟိုဘက်ပို့လို့ ခုပြန်ပိတ်လိုက်တာ။ နှစ်လလောက်ရှိပြီ။ သုံးဘီးဆိုင်ကယ်တောင် ခွင့်မပြုဘူး” လို့ တောင်ကုတ်ကားလမ်းဘေး ကျေးရွာဒေသခံ အမျိုးသားတဦးက ယခုလ(ဩဂုတ်) ၁၀ ရက်နေ့က ပြောပါတယ်။
တကယ်တော့အကြောင်းပြချက်တခုသာဖြစ်ပြီး ငပလီ၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်အစပ်နားအထိ ရခိုင်တပ်တော်ရဲ့ ထိုးစစ်ဆင်လာမှုတွေနဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီကားလမ်းမကို ပြန်လည်ပိတ်ထားလိုက်တာသာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အဓိကဆက်သွယ်ထားတဲ့ လမ်း ၃ ခုထဲမှာ တောင်ကုတ်လမ်းဟာလည်း လူသုံးများတဲ့ လမ်းမကြီးတခုပါ။ လုံခြုံရေးနဲ့ ဗျူဟာအရ အရေးပါလှတဲ့ အဲဒီလမ်းပိုင်းကို စစ်ကောင်စီစစ်တပ်က ဟိုးအရင်ကတည်းက အထူးတင်းကျပ်စွာ စောင့်ကြည့်ထားပါတယ်။ လမ်းပိုင်းစတင်ရာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အထိုင်စစ်တပ်တွေ ပတ်လည်ထားသလို တောင်ကုတ်မြို့အဝင် လမ်းပိုင်းအဆုံးမှာလည်း အထိုင်စစ်တပ်တွေ ထားခဲ့တာပါ။
အဲဒီလမ်းပိုင်းမှာ ယခင်အစိုးရအဆက်ဆက်ကတည်းက ဖြတ်သန်းသွားလာခွင့်ကို အဆင့်ဆင့်ထား စစ်ဆေးသလို “နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ ကင်းစခန်း” (မကဖစစ်ဆေးရေး) ဆိုပြီး လူမျိုးရေးခွဲခြားမှုနဲ့ ကန့်သတ်မှုတွေ၊ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေ ကျင်လည်ကျက်စားပြီး ကားလမ်းဘေးဝဲယာတလျှောက်က ဒေသခံရွာသူ/ရွာသားတွေရဲ့ ဘဝကတော့ ဆင်းရဲနွမ်းပါးပြီး ပညာရေးနိ့မ်ကျကာ ဖွံ့ဖြိုးမှုလည်း နောက်ကျအောင် လုပ်ထားခြင်း ခံခဲ့ရပါတယ်။
မိုင်အားဖြင့် ၁၀၄ မိုင်ရှည်တဲ့ ခပ်ကြမ်းကြမ်းတောင်တက်ကားလမ်းဘေးဝဲယာမှာ ပန်းတောင်းမြို့နယ်အပိုင်အဖြစ် ညောင်ခြေထာက်၊ ၂၇ မိုင်၊ စမ်းပလက်၊ ဆင်လန်၊ ညောင်ကျိုး၊ ပုဂံကွဲ၊ ညောင်ဝိုင်း၊ ကုလားလက်တို၊ လေးအိမ်စု၊ ကျွဲကြီး၊ ကျွဲလေးနဲ့ မိုးထိဆိုပြီး ကျေးရွာတွေရှိကာ ယခင်ကတော့ ညောင်ခြေထောက်အုပ်စု တခုတည်းကိုပဲ အားလုံးထည့်သွင်းထားရာက နောက်ပိုင်းမှာ ညောင်ကျိုးအုပ်စုဆိုပြီး တောင်ပေါ်ကျေးရွာတွေနဲ့ ပြန်ခွဲထုတ်ခဲ့ပါတယ်။ ညောင်ကျိုးမှာ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ် ထားရှိပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အပိုင်အဖြစ် မိုးထိကနေ၊ စွပ်ပျက်၊ သပြေ၊ ပွင့်သစ်စ၊ မိက္ကရို (စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ရှိရာ)၊ မြယာ၊ ညောင်လန်တော၊ ရေပေါ်ကြီး၊ ဒိုးနွယ်စမ်း၊ ပိန်းနွဲစန်း၊ နေပူတောင်၊ စလူ၊ ပတ်လည်၊ တောချဲ့၊ ရပ်တော်မူ၊ တန်းလျားကြီး၊ ခွေတောက်စခန်း၊ မျောက်ငို၊ ၁၀ မိုင်၊ ရသေ့တောင်ဘုန်းတော်ကြီးကျောင်း၊ ကျောက်တံခါးဆိုပြီး လူတွေနေရာထိုင်ရာတွေနဲ့ ကျေးရွာတွေရှိပါတယ်။
ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကနေ၊ တောင်ကုတ်မြို့နယ် ကျောက်တံခါးအထိ လူဦးရေ တသောင်းနီးပါးခန့်ရှိပြီး တောတွင်းတောင်ယာတွေနဲ့ ရွှေ့ပြောင်းသွားလာနေတဲ့ မုဆိုးတွေ၊ တိုင်းရင်းသားတွေလည်းရှိနေပါသေးတယ်။ ဒေသတွင်းနေထိုင်သူ အများစုကတော့ ဗမာ၊ ချင်း၊ ရခိုင်၊ ကရင်တိုင်းရင်းသားတွေ ဖြစ်ကြပြီး အခြားတိုင်းရင်းသားတွေလည်း ရောနှောနေထိုင်ကြတယ်လို့ အဲဒီဒေသတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ခဲ့တဲ့အဖွဲ့တွေဆီက သိရပါတယ်။
ညောင်ခြေထာက်၊ ဆင်လန်၊ ညောင်ကျိုး၊ ရေပေါ်ကြီး၊ မျောက်ငိုတို့မှာ ခရီးသွားကားတွေ ရပ်နားကြပြီး ထမင်းဆိုင်၊ စျေးဆိုင်တန်းတွေ၊ ဒေသထွက်အစားအစာပစ္စည်း ရောင်းချတာတွေရှိပြီး စားသောက်ဆိုင်ကြီးတွေနဲ့ ကာရာအိုကေလို နေရာမျိုးတွေတောင် ရှိတဲ့ နေရာတွေပါ။ အထူးစည်ကားပြီး တောင်ကုတ်ကားလမ်းပိုင်းတလျှောက် စီးပွားရေးအချက်အချာနဲ့ အဆင်ပြေတဲ့ နေရာတွေအဖြစ် အခြားဒေသက စီးပွားရေးသမားတွေလည်း လာရောက်လုပ်ကိုင်စားသောက်တဲ့ နေရာတွေဖြစ်ပါတယ်။
ညောင်ကျိုးနဲ့ ရေပေါ်ကြီးကတော့ အထင်ရှားဆုံးဖြစ်ပြီး ခရီးသွားအများစု မဖြစ်မနေကို ရပ်နားကြသလို အဲဒီနေရာနှစ်ခုကိုပဲ လာလည်ပတ်ကြသူတွေလည်း မနည်းမနောပါ။ ညောင်ကျိုးမှာ သစ်တောစမ်းသပ်စိုက်ခင်းတခုရှိခဲ့ဖူးသလို၊ ရေတံခွန်နဲ့ အေးချမ်းလှတဲ့ ရွာလေးတွေကြာင့် နွေရာသီအပူရှောင်ကြတဲ့အတွက် တည်းခိုရိပ်သာလို၊ အဆောင်လိုလို၊ နေအိမ်လုံးချင်းအငှားတွေလည်း ရှိပါတယ်။
ထူထပ်လှတဲ့ ရခိုင်ရိုးမသစ်တောကြီးတွေနဲ့ မြင့်မားလှတဲ့အမြင့်ပေကြောင့် နွေရာသီမှာတောင် အနွေးထည်ဝတ်ထားရပြီး မြူတွေနှင်းတွေနဲ့ ချမ်းအေးလှတဲ့ ဒေသတွေပါ။ ဆောင်းရာသီမှာတော့ ထမင်းစားနား၊ အပေ့ါအပါးသွားဖို့ ရေကိုမတို့မထိရဲသလို ရေကလည်း ခဲနေတတ်ပါတယ်။ မိုးရာသီမှာလည်း အမြဲမပြတ်မိုးရွာစိုစွတ်နေတတ်ပြီး တချို့ရက်တွေမှာတော့ မိုးနှင်းမြူတွေကျတတ်လို့ ယာယီလမ်းပိတ်တာ၊ ကားတွေချောက်ထဲထိုးကျတာနဲ့ မြင့်မားမတ်စောင့်ရှည်လျားတဲ့ အတက်တွေကြောင့် ကားတွေ နောက်ပြန်ပြုတ်ကျတဲ့ ဖြစ်စဉ်တွေလည်း များစွာရှိခဲ့ပါတယ်။
“အာဏာသိမ်းပြီးကတည်းက ကားလမ်းပိုင်းက အသွားအလာကျဲသွားတယ်။ အခုကတော့ ကျနော်တို့ မတက်တာတောင်ကြာပြီနော်။ ပြည်-တောင်ကုတ်ခရီးစဉ်လိုင်းတောင် ဖျက်သိမ်းထားတယ်။” လို့ ပြည်-တောင်ကုတ်ကားမောင်းသမားတဦးက ပြောပါတယ်။
ယခင်စည်ကားခဲ့စဉ်က ခရီသည်တင်ကားနဲ့ အိမ်စီးကားအစီးရေ ၁၀၀ ကျော် နေ့စဉ်ဖြတ်သန်းသွားလာခဲ့တဲ့ လမ်းပိုင်းဟာ အခုတော့ စစ်ကောင်စီအသုံးပြုတဲ့ကားနဲ့ သူဌေးချာင်းဆည်စီမံကိန်းကားတွေ၊ သူတို့ခွင့်ပြုထားတဲ့ကားနဲ့ သစ်ထုတ်လုပ်ရေးသုံးကားတွေပဲ ဖြတ်သန်းသွားလာနေကြပါတယ်။
“သွားမရတော့ဘူး။ သူတို့လက်မှတ်နဲ့ ခွင့်ပြုတဲ့ကားတွေလောက်ပဲ သွားလို့ရတယ်။ တောင်ပေါ်ရွာက လူတွေဆိုထောက်ခံစာနဲ့ သွားလာနေရတာ” လို့ ဥသျှစ်ပင်က ကုန်သည်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသတွင်းသွားလာမှုအတွက် ညောင်ကျိုးဂိတ်စခန်းအထိကိုသာ ဆိုင်ကယ်နဲ့ သွားလာခွင့်ပြုထားပြီး တောင်ပေါ်ရွာ ညောင်ကျိုးကစလို့ အောက်ရွာတွေ စျေးဝယ်တဲ့အခါ စလစ်နဲ့ဝယ်ယူရပြီး တအိမ်ထောင်ကုန်ကျမယ့် ပမာဏအတိုင်းပဲ ဝယ်ခွင့်ပေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆန်ဆိုဘယ်နှစ်ပြည်၊ ဆီဘယ်နှစ်ပိဿာ၊ လက်ဖက်ခြောက်ဘယ်နှစ်ထုပ်၊ သူတို့ရေးပေးတဲ့အတိုင်းပဲ ဝယ်ကြရတယ်။ ပိုလာရင် သိမ်းတယ်” လို့ ဒေသတွင်းရွာသားတဦးက ပြောပါတယ်။
သွားလာရေးပိတ်ပင်ထားတာနဲ့ လွတ်လပ်စွာဝယ်ယူစားသောက်ခွင့်၊ ဒေသကုန်စည်သယ်ယူပို့ဆောင်ရေး တင်းကျပ်လာတဲ့အတွက် လူမှုစီးပွားဘဝ အစစအရာရာ ခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။
အလုပ်အကိုင်ရှားပါးလာမှုကြောင့် လူငယ်အများစုကတော့ ပြည်ပထွက်ခွါအလုပ်လုပ်ကြသူတွေ အများစုဖြစ်နေပြီး ကျေးရွာမှာ ကလေးသူငယ်နဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေပဲ ကျန်ရစ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်အဖြစ်သင်တန်းတက်ဖို့ ကျေးရွာတအုပ်စုကို ၃ ယောက်နှုန်းနဲ့ တောင်းနေပြီး မရတဲ့အဆုံးမှာတော့ ၁ ယောက်ကို မဖြစ်မနေ ထည့်ပေးရတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့်တော့ ဒေသတွင်းနေထိုင်ကြသူတွေဟာ ခရီးသွားလုပ်ငန်းတွေအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောလိုက်၊ သစ်တောထွက်ပစ္စည်းရောင်းချတာ၊ ထရံ၊ ဝါးကပ်ပြုလုပ်တာတွေနဲ့ တချို့လုပ်ငန်းရှင်ကြီးတွေရဲ့ တရားမဝင်မီးသွေးဖိုတွေမှာ လုပ်ကိုင်တာ၊ တရားမဝင်သစ်ထုတ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ကြတာနဲ့ တရားမဝင်ပစ္စည်းပို့ဆောင်တာတွေမှာ ဝင်ရောက်လုပ်ကိုင်တာတွေ ပြုလုပ်ကြပါတယ်။
ရာသီအလိုက် တရားဝင်သစ်တောထွက်ပစ္စည်းတွေကို ရောင်းချခွင့်ပြုထားတဲ့အထဲက အခုချိန်မှာတော့ မျှစ်ရာသီဖြစ်လို့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရှိကြရမယ့် အချိန်ဖြစ်ပေမယ့် သွားလာရေးကန့်သတ်ထားတဲ့အတွက် မျှစ်တွေတင်ပို့ရောင်းချဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ဝါးကပ်၊ မီးသွေးတောင် သယ်မရတော့ အဲ့ကလူတွေ အဆင်မပြေကြဘူး။ မျှစ်သယ်ဖို့တောင် ကားတက်ခွင့်မရဘူး။ အပေါ်ကုန်သည်တွေဆို ဆိုင်ကယ်ကယ်ရီနဲ့ ရွာကိုချ(သယ်ယူ)နေရတယ်။” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
တချို့ကတော့ ဆိုင်ကယ်အဆင့်ဆင့်နဲ့ အခေါက်ခေါက်အခါခါ သယ်ယူထားတဲ့ ကုန်စည်ပစ္စည်းတွေကို ရွာတွေမှာ စျေးတဆင့်မြင့်ရောင်းတာ၊ ငွေကြေးမတတ်နိုင်သူတွေကတော့ ကိုယ်ရဲ့ထွက်ကုန်ပစ္စည်းအချင်းချင်းဖလှယ်ပြီး ရပ်တည်စားသောက်နေရတာတွေ လုပ်နေကြရပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်သူ၊ ငွေကြေးပေးလုပ်သူတွေရဲ့ တရားမဝင် မှောင်ခိုလုပ်ငန်းမျိုးစုံကတော့ အဲဒီဒေသအဝန်းအဝိုင်းကြီးတခုလုံးမှာ ကြီးထွားလာနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ပန်းတောင်း-တောင်ကုတ် ကားလမ်းမကြီးကိုအဓိကထားပြီး ရပ်တည်နေကြတဲ့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းကို အားကိုးနေကြရသူတွေကတော့ အခုတကြိမ် ပိတ်ပင်တားဆီးခံရမှုနဲ့ ရုန်းကန်ရင်ဆိုင်ရမှုဟာ အဆိုးဆုံးပဲလို့ ဆိုကြပါတယ်။
စစ်ကောင်စီက အသုံးပြုဖို့ပိတ်ထားခြင်းခံလိုက်ရတဲ့ နိုင်ငံကျော်ကားလမ်းမကြီးတခုနဲ့အတူ အဲဒီလမ်းကို မှီခိုနေထိုင်နေကြတဲ့ လူမှုသဘာဝဝန်းကျင်တခုလုံးဟာ တိတ်ဆိတ်အထီးကျန်မှုနဲ့အတူ ဆင်းရဲခက်ခဲမှုလမ်းဟောင်းဆီကို တဖြေးဖြေးတိုးဝင်နေကြရပါတော့တယ်။
#မြေလတ်အသံ
#ဆောင်းပါး #တောင်ကုတ် #ရခိုင် #ပဲခူး #ပန်းတောင်း #ကားလမ်း
Share Share Share