တန့်ဆည်မှာ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတွေရှိဟုဆို
စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်မှာ စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ Taze People's Defence Force - 25 - TPDF က သတင်းထုတ်ပြန်ပါတယ်။
ဖောင်းပြင်မြို့နယ်အခြေစိုက် ခမရ ၃၆၈ က စစ်သားနဲ့ ဒေသခံပျူစောထီးအင်အား ၁၂၀ လောက်ကို ဧပြီလ ၁၉ ရက် ညနေ ၅ နာရီလောက်က တန့်ဆည်မြို့နယ်၊ တဆယ်ကျဲရွာအဝင်နဲ့ ရွာထဲမှ လက်နက်ကြီးအပြင် စနိုက်ပါနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က နဘက်ရွာကနေ တဆယ်ကျဲရွာကို သွားနေတာကို တဆယ်ကျဲရွာအဝင်မှာ လက်နက်ကြီးနဲ့ပစ်ပြီး ရွာထဲရောက်တော့ တိုက်အိမ်တလုံးနားမှာ ရှိနေတာကို လက်နက်ကြီးနဲ့ ထပ်ထုခဲ့တာပါ။ အတွင်းသတင်းအရ စစ်အုပ်စုက ၄ ဦးလောက် ဒဏ်ရာရသွားတယ်။ စနိုက်ပါနဲ့ ကျွေးလိုက်တာကလည်း ၂ ဦးအတိအကျ ရှောသွားတယ်" လို့ TPDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်သားနဲ့ပျူစောထီးတွေ တဆယ်ရွာထဲက ပြည်သူတွေရဲ့ဝက်ကို သတ်စားနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို Taze People's Defence Force - 25၊ တန်ဆည်မြို့နယ် ပကဖ၊ People Libration Army တို့ ပူပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
တဆယ်ကျဲရွာကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်က စစ်တပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ နေအိမ် ၃၅ လုံး မီးလောင်ပျက်စီး ခဲ့ရပါသေးတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share