တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၁ ဦး ABSDF ထံ လက်နက်နဲ့အလင်းဝင်

တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၁ ဦး ABSDF ထံ လက်နက်နဲ့အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် အမှတ်  ၁၀၁ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ  ၂၃၅ က စစ်ကောင်စီတပ်သား ၁ ဦး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF အမှတ် ၂ စစ်ကြောင်းထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူမှာ အသက် ၃၇ နှစ်အရွယ် တပ်သား ရှိုင်းလင်းထက် ဆိုသူဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အခြေစိုက် ခမရ ၃၄၈ တပ်ရင်းကနေ မတ် ၂၈ ရက်က ထွက်ပြေးလာပြီးနောက် ၃၀ ရက်မှာ ABSDF ထံ ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

“ တပ်မ ၁၀၁ တပ်တွေ ရှမ်းမြောက်မှာ စစ်ဆင်ရေးထွက်ရပြီး လက်ရှိ မိုးမိတ်တပ်ရင်းမှာ ရောက်နေတာလို့ သိရတယ်။ ကင်းစောင့်တဲ့အချိန်ညပိုင်းမှာ ကျတော်တို့ရှိတဲ့ဘက်ကို ပြေးလာခဲ့တာ။ နီးစပ်ရာလူထုကို အကူညီတောင်းပြီး ကျတော်တို့ဆီ ပို့ပေးဖို့ပြောခဲ့တာပေါ့။ အဲ့ဒါနဲ့ရောက်လာပြီး လက်နက်အပ်အလင်းဝင်ဖို့ တောင်းဆိုခဲ့တယ်”လို့ ABSDF အမှတ် ၂ စစ်ကြောင်းမှ ဗိုလ်ကြီး AKက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ တအာဝ်းအမျိုးလွတ်မြောက်ရေးတပ်-TNLA တပ်က တပ်မ ၁၀၁ တပ်တွေ နဲ့ နယ်မြေခံတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တအာဝ်းဒေသမြို့နယ် ၇ ခုကို သိမ်းပိုက်နိုင်ခဲ့သလို တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ကို အရှင်ဖမ်းဆီးနိုင်ခဲ့တာကြောင့် လက်ကျန်တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်တွေဟာ ဘေးလွတ်ရာမြို့နယ်တပ်စခန်းတွေကို ထွက်ပြေးခဲ့ကြတာပါ။

အလင်းဝင်စစ်ကောင်စီတပ်သားဟာ လက်နက်တွေနဲ့အတူထွက်ပြေးလာတာဖြစ်ပြီး ၎င်းထံက မောင်းပြန်ရိုင်ဖယ် MA 1 ၁ လက်၊ ၅.၅၆ မမ ကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၄ ခု၊ Vest တထည်၊ ကျည်ကာ ၁ ထည် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သူ့ကို လုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်ကာ အဆိုပါတပ်သားဟာ တပ်ရင်းမှာ ရှိနေစဉ်အတွင်း စစ်ကောင်စီတပ်အရာရှိနဲ့ စစ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ စောင့်ကြည့်တဲ့အခါ သူ့ကို ပြန်ပို့မှာတွေ၊ သတ်ပစ်မှာတွေ အရမ်းကြောက်စိတ်ဖြစ်တယ်။ ညဆို ကယောင်ကတမ်းနဲ့ တယောက်ထဲ စကားပြောတာတွေ၊ စကားတခွန်းကို ထပ်ခါထပ်ခါ ပြောတာတွေ၊ အလိုလိုစိတ်အားငယ်တာတွေ ကြောက်တာတွေ တွေ့ရတယ်။ သူကသာမာန်လူ တယောက်လိုပဲ နေချင်တယ်၊  လက်နက်တွေလည်း မကိုင်ချင်တော့ဘူးလို့ တောင်းဆိုထားတယ်”လို့ ဗိုလ်ကြီး AKက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ် ၂ စစ်ကြောင်းမှာ စစ်ဘက်နဲ့ ရဲဘက်ကနေ CDMပြုလုပ်ပြီး တာဝန်ထမ်းဆောင်နေသူတွေရှိပေမယ့် အလင်းဝင်လာတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပခုက္ကူ #တပ်မ၁၀၁ #စစ်သား #ABSDF #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10