တပ်မ ၆၆ ကစစ်သားတွေနဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

တပ်မ ၆၆ ကစစ်သားတွေနဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ 

အုတ်ဖိုမြို့အရှေ့ဘက် တင်းဝါးချောင်းရွာအနီးမှာရှိနေတဲ့ တပ်မ ၆၆ က စစ်သားအင်အား ၆၀ လောက်ပါ စစ်ကြောင်းနဲ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းနဲ့  ၂၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“စစ်ကြောင်း ဆုတ်သွားပြီဆိုလို့ သူတို့နေခဲ့တဲ့အိမ်ထဲကို ဝင်ကြည့်ပြီး ပြန်အဆုတ်မှာ စစ်သားတွေက  ကိုက် ၁၀၀ အကွာလောက်ကနေ ဝိုင်းပစ်တယ်။ ကျနော်တို့လည်း ခံပစ်ပစ်ရင်းဆုတ်လာခဲ့ရတာ ပြန်လှန်ပစ်ခတ်တာ ၁၅ မိနစ်လောက်ကြာမယ်” လို့ HERO ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုကြိုးက ပြောပါတယ်။

ဧပြီ ၂၆ ရက်က တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကအထိနာခဲ့ပြီး ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး နောက်မှာတော့ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

HERO ပြောက်ကျားတပ်ဖွဲ့က ပေးပို့တဲ့ဗီဒီယိုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပုန်းအောင်းခဲ့တဲ့ တင်းဝါးချောင်းရွာအနီးက နေအိမ်ထဲမှာ သွေးကွက်အချို့ကို တွေ့ရပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ တင်းဝါးချောင်းရွာအနီးမှာရှိနေသလို ကြို့ပင်ကောက်နဲ့ အုတ်ဖိုဘက်ကလည်း စစ်အင်အင်အားထပ်ဖြည့်နေတယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ မတ် ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်ကလည်း တင်းဝါးချောင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို HEROပြောက်ကျားတပ်ဖွဲ့နဲ့ MNO PDF တို့ပေါင်းကာ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - ရှေ့တန်းရောက် Hero ပြောက်ကျားတပ်ဖွဲ့၀င်တဦး။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #PDF #တိုက်ခိုက် #သေဆုံးမှု #တပ်မ၆၆

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10