သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဥ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦး သိရပါတယ်။
သုံးဆယ်ပေးရွာကို စက်တင်ဘာ ၂၁ ရက် ဒီကနေ့မနက် ၂ နာရီလောက်မှာ စစ်တပ်ကစစ်ကြောင်းထိုးလာချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မတ္တရာမြို့နယ်အတွင်းရှိ မတ္တရာမြို့ပေါ်၊ ပေါက်ဝဲရွာနဲ့ ရွှေချောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းတွေကနေ သုံးဆယ်ပေးရွာနဲ့ အနီးတဝိုက်ရွာတွေကို လက်နက်ကြီးတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့သလို မနက် ၈ နာရီလောက်မှာလည်း ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
"မတ္တရာအနောက်ခြမ်းကို သူတို့နယ်မြေစိုးမိုးမှုလိုချင်လို့ ပြန်ကြိုးစားနေကြတာ ကြာပြီ။ အခုလည်း အဲဒါကြောင့် စစ်ကြောင်းထိုးတာ။ လက်နက်ကြီးနဲ့ပစ်တာကတော့ တပတ်နီးပါးရှိနေပြီ " လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တာကြောင့် သုံးဆယ်ပေးရွာက လူ ၅ ဦး သေဆုံးထားပြီး ၄ ဦးဒဏ်ရာရထားကြောင်း သိရကာ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး ။
လက်ရှိမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ စဉ့်ကူးနဲ့ မတ္တရာနယ်တွေကို စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းတွေ အကုန်ဖြတ်တောက်ထားတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေကို နေရာတွေခွဲ မီးရှို့နေလို့ ဒေသခံတွေလည်း ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တပတ်အတွင်းမှာလည်း မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်နေမှုကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲမှုတွေရှိနေကာ လှိုင်ကျွန်းရွာကအမျိုးသမီး ၂ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - သုံးဆယ်ပေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေစဉ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မတ္တရာ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ရွာမီးရှို့ #MDYPDF #တိုက်ပွဲ
Share Share Share