တိုက်ခိုက်ရေးပိုင်းကို ဦးစားပေး ထောက်ပို့နေကြရလို့ စားနပ်ရိက္ခာပိုင်းမှာ အားနည်းခဲ့ပါတယ်။ တိုက်ခိုက်ရေးတပ်ဖွဲ့တဖွဲ့ စစ်သားတယောက်ရဲ့ စားနပ်ရိက္ခာတွေကတော့ ထုံးစံအတိုင်း ခြောက်ကပ်ကြမ်းတမ်းပြီး အသက်ဆက်ရုံ အဟာရဖြစ်ရုံ စားသောက်နေကြရတဲ့အခါ စိုပြေမှုတွေလည်း ကင်းမဲ့ခဲ့ရပါတယ်။
တခါတရံမှာတော့ ထမင်းစားချိန်တွေကိုကျော်ဖြတ်ဖို့ စားဖိုမှူးနဲ့ နောက်တန်းက ရဲဘော်ရဲမေတွေရဲ့ ကြိုးစားအားထုတ်မှုလေးတွေကို မျှော်လင့်ရတာဟာလည်း စိတ်လှုပ်ရှားဖွယ်ရာ နေ့ရက်တွေပဲလို့ မေးမြန်းမိသမျှ တော်လှန်ရေးရဲဘော် ရဲမေတွေက တညီတညွတ်ထဲ ဖြေဆိုထားကြပါတယ်။
ဒီလိုနဲ့ တော်လှန်ရေးနောက်ကွယ်က လူမသိသူမသိနဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ မီးဖိုချောင်သုံး သီးနှံစိုက်ခင်းလေးတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယာယီစခန်းတွေ ဌာနချုပ်စခန်းလေးတွေ ဆီမှာ သူ့နည်းသူ့ဟန်နဲ့ ပေါ်ထွက်လာကြတာပါ။
ဒါ့အပြင် စစ်ရှောင်တွေရဲ့ဒေသတွေ၊ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ၊ နယ်မြေစိုးမိုးမှု အထိုက်အလျောက်ရှိနေတဲ့ နေရာတွေမှာဆိုရင်လည်း ထောက်ပို့ကူညီဖို့ရာ စိုက်ခင်းတွေ အားကောင်းမောင်းသန် ပေါ်ထွက်လာနေကြပြီး ငွေမတတ်နိုင်တဲ့သူတွေက လုပ်အားနဲ့ ကူကြတာမျိုးတွေကို လုပ်ဆောင်နေပါတယ်။
အဲဒီစိုက်ခင်းလေးတွေမှာ စုပေါင်းအင်အားတွေ၊ တာဝန်ယူစိတ်တွေ၊ မိသားစုနွေးထွေးမှုတွေနဲ့ အတိတ်က ထမင်းဝိုင်းတွေ၊ ဒါအပြင် ရှင်သန်ခြင်းကို မွေးမြူရတဲ့ လူသားဆန်တဲ့စိတ်ခံစားမှုလေးတွေ ဖြစ်ထွန်းသွားတဲ့ကျေနပ်ပီတိ စိတ်ကလေးတွေ အားလုံးပါဝင်နေပါတယ်။ တဖက်မှာလည်း အလွဲလေးတွေကြောင့် ဝမ်းနည်းခံစားရတာလေးတွေလည်း ဖြစ်ခဲ့ကြပါသေးတယ်။
"ကျနော်တို့စိုက်ခင်းလုပ်ဖြစ်တာက ၆ လလောက်ရှိပါပြီ၊ တပ်ရင်းရဲ့ရိက္ခာအတွက်နဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံပေးဖို့စိုက်တာပါ။ ရှေ့တန်းလည်းထွက်လိုက်ပါတယ်၊ နောက်တန်းမှာကျန်တဲ့အချိန် စိုက်ခင်းမှာရေလောင်းပေါင်းသင်တာ အသီးအနှံတွေခူးတာနဲ့ တခြားလိုအပ်တာတွေ လုပ်ကျပါတယ်လို့" ရဲမေဗိုလ်ဇာနည်က ပြောပါတယ်။
ရဲမေဗိုလ်ဇာနည်ကတော့ မကွေးတိုင်း၊ မင်းဘူးခရိုင်အမှတ်-၁၊ တပ်ရင်း -၁ ၊ SLlN PDF ရဲ့ ရဲမေတပ်စိပ်မှူးလည်း ဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့က ရဲဘော်၊ ရဲမေတွေအနေနဲ့ စိုက်ခင်းတွေကို ရေလောင်းဖို့အတွက် မိနစ် ၂၀ လောက်လမ်းလျှောက်ရတဲ့ ချောင်းထဲက ရေကိုခပ်ယူပြီး ရေလောင်း စိုက်ပျိုးနေကြရတာပါ။
ဒါပေမယ့်သူတို့ ပုံမှန်ရေလောင်းပေါင်းသင်စိုက်ပျိုးခဲ့လို့ ရိက္ခာအပြင် ကျေးရွာ ၃ ရွာက စစ်ရှောင်တွေကိုတောင် ပြန်လည်ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကတော့ ချဥ်ပေါင်၊ ပဲသီး၊ မုန်လာ၊ ခရမ်းသီး၊ ခရမ်းချဥ်၊ ဂေါ်ဖီထုပ် သီးနှံတွေ ဖြစ်ပါတယ်။
သူတို့နည်းတူ တော်လှန်ရေးတပ်ဖွဲ့ အတော်များများဟာ မီးဖိုချောင်သီးနှံတွေဖြစ်တဲ့ ဗူး၊ ဖရုံ၊ ငရုပ်၊ ကြက်သွန်၊ ကန်စွန်း၊ ကောက်ရိုးမှို၊ ဆလပ်၊ ပင်ဆိုင်၊ နံနံပင်၊ ရုံးပတီ၊ မုန့်ညှင်း၊ နဲ့ ဟင်းနုနွယ် တို့ကို အများအပြား စိုက်ပျိုးကြပြီး စစ်ရှောင်တွေကို ထောက်ပံ့တဲ့နေရာနဲ့ ရံပုံငွေရရှိဖို့အတွက်ကတော့ ကြက်သွန် က အကောင်းဆုံးသီးနှံ ပဲလို့ ဆိုကြပါတယ်။
တကယ်လည်း ဒီလိုတပိုင်တနိုင် စိုက်ပျိုးရေးလေးတွေက အလုပ်ဖြစ်ခဲ့ပါတယ်။ စစ်ရှောင်တွေ အရေးပေါ် ကျွေးမွေးဖို့အတွက် ကူညီထောက်ပံ့မှု ဆန်၊ စပါးနဲ့ ငါးပိငါးခြောက်တွေကို ရရှိပြီးနောက်မှာတော့ မီးဖိုချောင်သုံးသီးနှံတွေကို တော်လှန်ရေးစိုက်ခင်းတွေကနေ ရရှိခဲ့တာပါ။
ဆားလင်းကြီးမြို့နယ်ထဲက ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့ကတော့ သူတို့ စိုက်ထားတဲ့ စိုက်ခင်းတွေထဲကနေထွက်ရှိတဲ့ ကြက်သွန်တွေကို စစ်ရှောင်ရိက္ခာအပြင် ဒေသတွင်း PDF အဖွဲ့တွေကို အခုနှစ် ဧပြီလထဲမှာ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကြက်သွန်စနှုတ်တဲ့ရက်ထဲက အခုထိ Local PDF တပ်ဖွဲ့ အတော်များများကို မျှဝေထားပါတယ်။ ကျန်တဲ့ ကြက်သွန်ကတော့ စစ်ရှောင်ရိက္ခာအတွက်ပါ။ ခရမ်းသီးတို့ဘာတို့က ထွက်နေသေးတယ်။ ပဲသီးကတော့ တုန်းပြီး မသီးတော့ဘူး။ စိုက်တာက သဲသောင်ပေါ်မှာ စိုက်တယ်။ စိုက်ဧက ၁ ဧကပါပဲ” လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူကနေ ပြည်သူကို တိုက်ရိုက်ထောက်ပံ့တာ၊ စစ်ရှောင်အခြင်းခြင်း ကူညီတာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူကို ထောက်ပံ့တာရှိခဲ့သလို ပြည်သူက တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့တာတွေကို အဲဒီ မထင်မရှားမီးဖိုချောင်လေးတွေထဲကနေ ပြုလုပ်နေခဲ့တာပါ။ PDF တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတာ ၂ နှစ်ပြည့်လာချိန်မှာတော့ မီးဖိုချောင်စိုက်ခင်းလေးတွေရဲ့ သက်တမ်းတွေကလည်း ၁ နှစ်ကျော်ကြာခဲ့ပါပြီ။
“မြေစမ်းခရမ်းပျိုး” ဆိုတဲ့ စကားပုံဟာ မီးဖိုချောင်စိုက်ခင်းတွေအတွက်များ စပ်ဆိုသုံးနှုန်းခဲ့သလား ထင်ရလောက်အောင်ပါပဲ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမား လူထုလူတန်းစားအလွှာပေါင်းစုံကနေ လာခဲ့ကြသူတွေဖြစ်တဲ့အတွက် အကုန်လုံးက စိုက်ပျိုးရေးကို နားလည်နေကြတာ စိုက်တတ်နေကြတာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ မေးမြန်းစမ်းသပ်စိုက်ပျိုးခဲ့ကြတာပါ။
ဒီလိုအခြေအနေမှာ ပျက်စီးဆုံးရှုံးသွားရတာတွေလည်း ရှိကြပါတယ်။ မြေမကြိုက်တာ၊ ရေမနိုင်တာ၊ ရာသီဥတုနဲ့မကိုက်ညီတာ၊ ပိုးကျတာနဲ့ စိုက်စနစ်မမှန်ကန်တာတွေဟာ စိုက်ခင်းတချို့ကို ပျက်စီးဆုံးရှုံးစေခဲ့ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာတွေလည်း ကြုံရတယ်လို့ ဆိုကြပါတယ်။
“ကျနော်တို့ မှိုခင်းကတော့ တခါပဲခူးလိုက်ရတယ် ပျက်သွားတယ်။ ရှေ့တန်းထွက်လိုက် ပြန်လာလိုက်နဲ့ဆိုတော့ သေချာမကြည့်နိုင်တာလည်း ပါတယ်။ နောက် ပျိုးစုပျိုးထောင်တဲ့ နည်းစနစ်ကို သေချာမသိတော့ ပျက်စီးသွားတာပေါ့။ တကယ်ဆိုရင်တော့ တလလောက်ကတော့ အေးဆေး မှိုစားရတယ်။” လို့ မကွေးတိုင်း၊ ပုံတောင် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
၁၀ ပေ - ၃ပေ ဘောင်တခုစိုက်ပျိုးထားတဲ့ မှိုခင်းဟာ ပုံမှန်အနေနဲ့ တလတာပတ်လုံး ခူးဆွတ် စားသုံးနိုင်ပေမယ့် မှိုခင်းကိုအုပ်ဆိုင်းထားတဲ့ ပလပ်စတစ်မှာကပ်နေတဲ့ ချွေးတွေကို နေ့စဉ်ဆိုသလို ခါမထုတ်နိုင်တာကြောင့် အပူချွေးတွေမှိုတွေပေါ်ကို ပြန်စီးကျပြီး ပုပ်ကုန်တာလို့ စိုက်ပျိုးပညာရှင်တဦးက အကြံဉာဏ်ပေးတဲ့အခါမှာတော့ မှိုစိုက်ခင်းလေးက ပျက်စီးသွားပါပြီ။
စားသုံးသီးနှံတွေဖြစ်တဲ့အတွက် အကြမ်းခံအပင်တွေ၊ နှစ်ရှည်ပင်တွေလို မဟုတ်ပဲ၊ နေ့စဉ် ရေလောင်းပေါင်းသင် မြေဩဇာကျွေးရသလို ခူးချိန်တန်ခူး ဖြတ်ချိန်တန်ဖြတ်ရတာပါ။ ဒီအခြေအနေမျိုးမှာ စစ်ရှောင်တွေ စိုက်တဲ့စိုက်ခင်းတွေမှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့အခါ အားလုံးထွက်ပြေးရသလို စစ်ကောင်စီဘက်က မီးရှို့ခဲ့တာတွေကြောင့်လည်း စိုက်ခင်းတွေ ပျက်စီးခဲ့ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေမှာဆိုရင်လည်း ရှေ့တန်းထွက်ရတဲ့အခါ စိုက်ခင်းတွေကို မကြည့်ရှုနိုင်တာ၊ ယာယီစခန်းတွေမှာ လှည့်လည်ရတာ၊ တိုက်ပွဲဖြစ်ချိန် ယာယီဆုတ်ခွါနေရတာတွေနဲ့ သင်တန်းတက်ရောက်ရတဲ့ အချိန်တွေကြောင့် စိုက်ခင်းတွေကို ဂရုစိုက်မကြည့်နိုင်တဲ့ အခါမျိုးလည်း ရှိပါတယ်။
ဒါပေမယ့် ဒီစိုက်ခင်းလေးတွေက အတိတ်နေ့စွဲတွေကို အလွမ်းပြေရာ၊ စိုက်ခင်းကထွက်တဲ့ သီးနှံတွေကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားကြရင်း သူတို့ရဲ့ မိသားစုထမင်းဝိုင်းတွေကို သတိရအောက်မေ့ စိတ်ဖြေစရာလေးတွေရကြရင်း ရှေ့ဆက်နေကြတာလို့ ဆိုကြပါတယ်။
“ရဲဘော်တွေက ကိုယ်သားတွေ တူတွေလိုဖြစ်နေတာပဲ၊ အိမ်မှာဆို အပြင်ကနေပြန်လာရင် ထမင်းအိုးလှန်စားသလိုပဲ အမေဘာချက်လဲဆိုတာမျိုးပေါ့၊ ရဲဘော်တွေ လုပ်စရာရှိတာ တာဝန်ချိန်မှာ လုပ်ပြီး စားချိန်ရောက်တော့ ဦးကျော်ဘာချက်လဲ အန်တီဘာချက်လဲပေါ့ မရှိရှိတာလေးတွေ စားမြိန်အောင် အဆင်ပြေအောင်ချက်ရတာပေါ့ တောထဲမှာဆိုပေမယ့် သူတို့တွေ ထမင်းစားမြိန်အောင် ကိုယ်အိမ်နဲ့မခြား စားရတဲ့အခါ အဆင်ပြေအောင်ပေါ့” လို့ တပ်မဟာ-၂၊ PDF စားဖိုမှူးတာဝန်ကို ယူထားရတဲ့ ဦးကျော် က PDF တွေပေါ်မှာထားတဲ့ သူရဲ့မိသားစုစိတ်ဓါတ်လေးကို ပြောပြပါတယ်။
ဦးကျော်ကတော့ စားဖိုမှူးတာဝန်ကိုလည်း ထမ်းဆောင်ရင်း သူ့ရဲ့ကိုယ်ပိုင်စိုက်ခင်းကို သူ့မိသားစုနဲ့ စိုက်ပျိုးရင်း ရဲဘော်တွေ ထမင်းစားမြိန်ဖို့ ပျော်ရွှင်နေဖို့ကို ဖန်တီးနေတာပါ။ ဦးကျော်လိုပဲ တော်လှန်ရေးရဲ့ မီးဖိုချောင်မှာ လူမသိသူမသိတိတ်တဆိတ်နဲ့ ပေးဆပ်နေကြတဲ့ သူတွေများစွာပါပဲ။
အိမ်တအိမ်မှာ ရှေ့မျက်နှာစာနဲ့ ဧည့်ခန်းဆောင်ခန်းကို အလှဆင်မွမ်းမံပြီး ဧည့်ကောင်း ဆောင်ကောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးတတ်ကြပေမယ့် အိမ်တအိမ်ရဲ့ မီးဖိုချောင်ကိုတော့ ဘယ်သူမှ အရေးတယူလုပ်မပြကြ မချယ်သကြပါဘူး။
ဒီလိုပဲ တော်လှန်ရေးစားပွဲဝိုင်းတွေ၊ တော်လှန်ရေးမျက်နှာစာက တိုက်ခိုက်ရေး၊ သံခင်းတမံခင်းတွေကို ဝေဝေဆာဆာနဲ့ ဖော်ပြလူသိစေချင်ကြပေမယ့် တော်လှန်ရေး မီးဖိုချောင်တွေကို မေ့လျော့ထား ကြပါတယ်။ တကယ်တမ်းတော့ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်၊ ရဲမေတွေကို စိတ်ဓါတ်ခွန်အားရော ရုပ်ခွန်အားပါ တပြိုင်ထဲဆိုသလို ဖြည့်ဆည်းပေးနေတာကတော့ နောက်တန်းခံစစ်ဖြစ်တဲ့ မီးဖိုချောင်စိုက်ခင်းတွေပါ။
“ကျနော်ကတော့ တော်လှန်ရေးထဲဝင်လာပြီဆိုကတည်းက ကျနော့်အသက်အရွယ်အရ ဒီမှာက ကလေးတွေချည်းပဲ၊ အဲတော့သားသမီးတွေလို သဘောထားတယ်။ သားသမီးလိုသဘောထားပြီး ချက်ပြုတ်ကျွေး စိုက်ရပျိုးရတာကို ကျနော့်စိတ်ထဲပျှော်တယ် ဝမ်းသာတယ်။ မိသားစုတွေ ခွဲနေရပေမယ့် အဲဒါလေးနဲ့ဖြေရတယ်” လို့ ရဲမေဗိုလ်ဇာနည်က ဆိုလိုက်ပါတယ်။
နောက်တရက်အကြာမှာတော့ မကွေးတိုင်း၊ မင်းဘူးခရိုင်အမှတ်-၁၊ တပ်ရင်း -၁ ၊ SLlN PDF အဖွဲ့ရဲ့ ရဲမေတွေဆီကတော့ ဓါတ်ပုံတွေပို့လာပါတယ်။ သူတို့ရဲ့စိုက်ခင်းပုံတွေပါ။ PDF ရဲမေတွေဟာ သာမန်အမျိုးသမီးလေးတွေလို သနပ်ခါးပါးကွက်ကြားလိမ်းလို့ သူတို့ရဲ့ စားသုံးသီးနှံစုံလင်လှတဲ့ စိုက်ခင်းထဲမှာပေါင်းနှုတ် နေကြတာကို ဓါတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
သူတို့ပျော်ရွှင်နေကြတာပါ။ ဒီတကြိမ်သီးနှံခူးဆွတ်ပြန်ရင်တော့ စစ်ရှောင်ကျေးရွာတွေကို သွားလှူအုံးမယ်ဆိုတဲ့ သတင်းစကားကိုလည်း တခါတည်းပါးလိုက်ပါသေးတယ်။
#မြေလတ်အသံ