“တော်လှန်ရေး ချစ်ခြင်းမေတ္တာနဲ့ စစ်စခန်းထဲက စာအုပ်စင်များ” (ဆောင်းပါး)

“တော်လှန်ရေး ချစ်ခြင်းမေတ္တာနဲ့ စစ်စခန်းထဲက စာအုပ်စင်များ” (ဆောင်းပါး)

နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တခု အထိုင်ချရာစခန်းတနေရာမှာ ထန်းလက်မိုး တဲငယ်လေးနဲ့ ဖွင့်ထားတဲ့ စာကြည့်တိုက်လေး တခုရှိနေပါတယ်။ စာဖတ်ခန်းရဲ့ အလယ်တိုင်မှာတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံလွှာကို ချိတ်ဆွဲထားလျှက်။ စာအုပ်စင်လေးရဲ့ရှေ့ ခုံပေါ်မှာတော့ မြန်မာနိုင်ငံရဲ့ ဂီတနတ်ဘုရားတပါးဖြစ်တဲ့ ထူးအိမ်သင်ရဲ့ပုံတူကို တင်ထားပါတယ်။ 

“တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပဲ”  ဒီအဆိုအမိန့်ဟာ ကျူးဘားတော်လှန်ရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်တဦးဖြစ်သူ ချေဂွေဗားရားရဲ့ ကမ္ဘာကျော်ပြောစကားတွေထဲက တခုဖြစ်ပါတယ်။ 

ရုတ်တရက်မှာ ကြမ်းတမ်းခက်ထန်တဲ့ သဘောရှိတဲ့ တော်လှန်ရေးနဲ့ နူးညံ့သိမ်မွေ့တဲ့သဘောဆောင်တဲ့ ချစ်ခြင်းမေတ္တာတို့ကို ညီမျှခြင်းထိုး အဓိပ္ပာယ်ဖွင့်ဆိုထားရာမှာ ရှုပ်ထွေးသွားနိုင်ပါတယ်။

လက်တွေ့မှာတော့ သေချာတွေးခေါ်ကျင့်သုံးသင့်တဲ့ အယူအဆတရပ်အနေနဲ့ ယနေ့တိုင် မှန်ကန်အသုံးဝင်နေဆဲပါ။ လူထုလူတန်းစားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးသမားတိုင်း သင်ရိုးညွှန်းတမ်း လက်စွဲအနေနဲ့ ယခုထိ နှလုံးသွင်းလိုက်နာနေကြဆဲပါ။

ဆရာဝန်၊ ပညာရေးပါရဂူနဲ့ စာရေးဆရာလည်းဖြစ်သူ အခြားသော ဂုဏ်ပုဒ်များစွာကို ပိုင်ဆိုင်ခဲ့တဲ့ ချေဂွေဗားရားဟာ အဖိနှိပ်ခံလူတန်းစားတွေ ဆင်းရဲမွဲတေနေကြတဲ့ လူထုလူတန်းစားတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ရာမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်းနာတွေကသာ အသေချာဆုံးပဲဆိုတဲ့ ခံယူချက်နဲ့ ပြောက်ကျားစစ်ခေါင်းဆောင်တဦး ဘဝကို သေတဲ့အထိ ခံယူသွားသူပါ။

“ကြီးမြတ်တဲ့အချစ်စိတ်ကြောင့် တော်လှန်ရေးသမားဖြစ်ခဲ့တာပဲ။ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်၊ တရားမျှတမှုကို ချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့် ကျုပ်တော်လှန်ရေးသမား ဖြစ်လာခဲ့တာပဲ။” လို့ ချေဂွေဗားရားက ဆိုခဲ့ပါတယ်။ ဒါဟာ သူ့ဘဝ၊ သူ့ဒဿနပါပဲ။ 

ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ပုံသဏ္ဍန်နဲ့ အနှစ်သာရကို ချုပ်ကြည့်လိုက်မယ်ဆိုရင် ချေဂွေဗားရားရဲ့ ဒဿနဟာ သွေးထွက်အောင် မှန်နေပါတယ်။ ချေဂွေဗားရားနည်းတူ နယ်ပယ်အရပ်ရပ်က ကျားမလူတန်းစားမရွေး လူငယ်တွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို မေ့ဖျောက်ပြီး ပြောက်ကျားစစ်၊ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေ အဖြစ်နဲ့ နေရာစုံမှာ ရှိနေကြပါတယ်။ 

ဒီနေရာမှာ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာတွေနဲ့ ထိန်းညှိပြီး စစ်မှန်တဲ့ တော်လှန်ရေးအနှစ်သာရကို သွားနေကြတဲ့ လူငယ်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့ဟာ တော်လှန်ရေးကို ချစ်ခြင်းမေတ္တာနဲ့ ချဉ်းကပ်ပြီး အကြမ်းဖက်တဲ့စစ်ဘီလူးတွေရဲ့ အသွင်ကို ပြတ်ပြတ်သားသား ငြင်းဆန်ကြသူတွေပါ။ 

“မတရားမှုကြီးကို တွန်းလှန်မှရမယ်။ ဒါကြောင့်ဒီတော်လှန်ရေးထဲကို ပြတ်ပြတ်သားသားဝင်ခဲ့တယ်။ ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ယုံကြည်တယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သည်သာလျှင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG ရဲ့တာဝန်ခံ ရဲဘော်ပြေဇော်က ပြောပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG ဟာ မကွေးတိုင်း၊ မြိုင်နယ်မှာ အခြေစိုက်ခဲ့ပါတယ်။ ဒီနယ်ဟာ အနုပညာအားကောင်းရာဒေသဖြစ်သလို စာရေးဆရာမြသန်းတင့် မွေးဖွားခဲ့ရာ ဇာတိမြေလည်းဖြစ်ပါတယ်။ ဒီနယ်မှာပဲ ဖိနှိပ်သူလူတန်းစားအရင်းရှင်တယောက်ကြောင့် အရှက်နဲသိက္ခာလဲခဲ့တဲ့ အိမ်ဖော်မလေးတဦး သူ့ကိုယ့်သူအဆုံးစီရင်သွားခဲ့တာကို ဆရာမြသန်းတင့်က “တမာနုချိန်စစ်တမ်း” မှာ တခုတ်တရထည့်သွင်း ရေးဖွဲ့ခဲ့ပါတယ်။ 

အခုတော့ မြိုင်ဟာ မတရားမှုကိုတွန်းလှန်ရဲတဲ့ လက်နက်ကိုင် ကဗျာဆရာ၊ ပန်းချီဆရာတွေကို ထပ်မံမွေးထုတ်ခဲ့ပါတယ်။ MRG မှာ ကဗျာဆရာတွေနဲ့ ပန်းချီဆရာတွေ ဦးဆောင် တော်လှန်နေကြတဲ့အတွက် ကြမ်းတမ်းမှုကြားကပဲ နှလုံးသားအာဟာရဟာ ရှင်သန်ပေါက်ဖွားနေကြတာပါ။

“ကျနော်တို့က ကဗျာဆရာတွေ ပန်းချီဆရာတွေဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် ဖြစ်ပေမယ့်လည်း ကျနော်တို့နောက်မှာ ကဗျာတွေ ပန်းချီတွေပါလာတယ် ဒီသဘောပဲ” လို့ အနုပညာသမားလည်းဖြစ်သူ ရဲဘော်ပြေဇော်က ပြောပါတယ်။

စာပေအနုပညာသမားတွေအဖို့ ယုံကြည်ချက်နဲ့ လူသတ်လက်နက်ကို ကိုင်ထားရပေမယ့် စာတအုပ်၊ ကဗျာတပုဒ်နဲ့ စုတ်ချက်ဆေးသား ရှုမျှော်ခင်းများနဲ့ ခွဲခြားမနေလိုကြပါဘူး။ ဒါကြောင့်ပဲ စစ်စခန်းထဲမှာ စာကြည့်တိုက်လေးနဲ့ စာအုပ်စင်လေးတွေကို သူတို့ ဖန်တီးခဲ့ပါတယ်။

စာအုပ်စင်လေးဟာ ဝါးတန်းဝါးခြမ်းတို့နဲ့ အနားကွပ်ယိုင်နွဲ့နေပေမယ့် စင်လေးပေါ်က စာအုပ်တွေကတော့ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာတို့ကို ခိုင်မာနှောင်ဖွဲ့ထားပါတယ်။ စာပေအနုပညာရပ်ဝန်းကို ဖန်တီးပုံဖော်ခွင့် ရနေတာကြောင့်လည်း ကြမ်းတမ်းခက်ခဲတဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကို ယနေ့ထိ စိတ်မပျက်လက်မပျက်ဘဲ ဆက်နိုင်ကြတာပါ။

“စစ်၏ သဘောတရားသည်ကား ကြမ်းတမ်းခက်ထန်မှု

တစိတ်တပိုင်းပါဝင်၏။

စစ်သည် သူနှင့်ပါဝင်ပတ်သက်သူ လူသားများအား

အပေါ်ယံသဘောအားဖြင့် ကြမ်းတမ်းခက်ထန်စေ၏။

အခြေအနေအားဖြင့် ကြမ်းတမ်းရသော်ငြား

လူသားအဆန်ဆုံးနှလုံးသားတစ်ခုရှိသော သူသည်သာ

စစ်ကို အောင်နိုင်ရာ၏...။” လို့ MRG ရဲ့ စာကြည့်တိုက်အတွက် ရေးသားထားတဲ့ စာစုထဲမှာ ဖော်ပြထားပါတယ်။ 

စာစုထဲမှာပဲ ဆက်ပြီး ဒီလိုဖွဲ့ပါတယ်။

“ အချစ်နဲ့စစ်မှာ မတရားတာမရှိဆိုသော်ငြား

တရားသောစစ်ဟူသည်

ချစ်ခြင်းမေတ္တာရှိမည်ဖြစ်သည်။

ချစ်ခြင်းမေတ္တာရှိရမည်ဟူသည်ကား

ဓမ္မနှင့် အဓမ္မခွဲခြားဝေဖန်နိုင်စွမ်းတည်း...

ဓမ္မနှင့်အဓမ္မတရားခွဲခြားနိုင်စွမ်းရှိရန်ကား

ပင်ကိုယ်စိတ်ခံအားဖြင့် အဂတိကင်းရှင်းရန် လိုအပ်သည်။

အဂတိကင်းရှင်းရန်အတွက်မူ အသိဥာဏ်ပညာနှင့်

အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရန် လိုအပ်ပေသည်။

ထိုသို့သော အကြောင်းအချင်းရာများအတွက် စာပေဗဟုသုတ ပြည့်ဝဖို့ အထူးလိုအပ်သည်။

ဆိုလိုရင်းအားဖြင့် ဓမ္မဖက်သောရဲဘော်များသည်

စာဖတ်ကြရမည်။” လို့ ရေးသားပါတယ်။

“ဓမ္မနဲ့အဓမ္မနှစ်ခုပဲရှိတယ် ကျနော်တို့ခံယူချက်က ကြားနေမရှိဘူး။ ဒီတော့ ကျနော့်တို့ ဒီဘက်ကို ရောက်တဲ့အခါမှာ ကျနော်တို့အရင်နေခဲ့တဲ့ပုံစံနဲ့တခြားစီ ဖြတ်သန်းရတယ်။ ကြုံတွေ့ရတယ်။ ဒါကျနော်တို့ နေထိုင်ချင်တဲ့ ရပ်ဝန်းမဟုတ်ဘူး။ ကျနော်တို့နေထိုင်တဲ့ရပ်ဝန်းကို ပြန်သွားဖို့အတွက် မတရားမှုကြီးကိုတွန်းလှန်မှရမယ်” လို့ ရဲဘော်ပြေဇော်က ဆိုပါတယ်။

ချစ်ခြင်းမေတ္တာကြောင့် ဖြစ်လာကြတဲ့ တော်လှန်ရေးမှာတော့ လက်နက်ကိုင်လူငယ်နဲ့ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်ရက်စက်မှုတွေ၊ အဓမ္မလုပ်ရပ်တွေမဖြစ်အောင် ကိုယ်ချင်းစာစိတ်၊ ဉာဏ်ပညာတွေနဲ့ တည့်မတ်ထိန်းညှိကြရတာဟာ အရေးကြီးဆုံးလုပ်ရမယ့် ကိစ္စတခုပါ။ ဒါမှလည်း စစ်ကောင်စီနဲ့ခြားနားတဲ့ လက်နက်ကိုင်ထားသူတွေ ဖြစ်လာမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်ထားတဲ့လက်တွေဟာ အခြားသူများထက် ဉာဏ်ပညာရှိဖို့လိုသလို တဒင်္ဂစိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှသာ အမှားအယွင်းနဲ့ ဆုံးရှုံးမှုနည်းနိုင်မှာမဟုတ်လား။

“အဓိကတော်လှန်ရေးစစ်သားနဲ့ စစ်ကောင်စီစစ်သား ဘာကွာခြားလဲဆိုတော့ အဓိကကတော့ အသိပညာပဲ။ အဲ့ဒီအသိပညာကို ကျနော်တို့က စာအုပ်တွေထဲမှာ သွားပြီးရှာဖွေရတဲ့အခါမှာ တော်လှန်ရေးသမားတိုင်းက စာဖတ်ဖို့လိုအပ်နေတယ်လို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ စခန်းတွေမှာ စာကြည့်တိုက်တွေ ထားပေးထားတယ်။” လို့ ABSDF Column 3 ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

ABSDF Column 3 စခန်းမှာလည်း အထက်မှာ ဆိုခဲ့သလို စာအုပ်စင်လေး လုပ်ပေးထားပါသေးတယ်။ နိုင်ငံရေးအသိပညာ၊ နိုင်ငံရေးသုတရသတွေက စာအုပ်တွေထဲကနေ ရှာဖွေရတယ်လို့ ဆိုပါတယ်။ 

တဖက်မှာတော့ စစ်သည်တော်ကျင့်ဝတ်၊ နိုင်ငံတကာ စစ်စည်းကမ်းတွေအတွက် တော်လှန်ရေး ရဲဘော်တွေကို သင်တန်းတွေ၊ စွမ်းရည်မြှင့်တွေ ပို့ချပေးနေကြပါတယ်။ ဒါကလည်း စစ်စခန်းတွေမှာ စာအုပ်စင်တွေ ထားပေးသလို လုပ်သင့်တဲ့ အရာတခုပါပဲ။ 

လက်နက်ကိုင်ထားသူတွေဟာ မူလရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်ရေးကို မေ့ပျောက်မသွားဖို့၊ လူထုလူတန်းစားတွေအပေါ်  ဗိုလ်ကျစိုးမိုး အနိုင်မကျင့်ဖို့၊ မခြိမ်းခြောက်ဖို့နဲ့ လူထုကို လေးစားဖို့ဟာ အမတန်အရေးကြီးလှသလို ရဲဘော်တွေအစား သူတို့ထက် အထက်မှာနေသူတွေ အမိန့်ပေးဆုံးဖြတ်နိုင်သူတွေဟာ ကျင့်ဝတ်တွေကို လေးစားဖို့ စာဖတ်ဖို့ ပိုလိုတယ်လို့ ဆိုကြပါတယ်။

“နောက်ဆုံး အောက်ခြေစစ်သား မဖတ်ရင်တောင်မှ တပ်ကြပ်အရာရှိလောက်ကတော့ စာဖတ်တဲ့ အလေ့ကျင့်ဖြစ်စေချင်တယ်။ နိုမို့ဆို မလွယ်ဘူးလေ။ ဖတ်ဖို့တိုက်လည်း တိုက်တွန်းပါတယ်။ ဖတ်လည်းဖတ်ကြပါတယ်။ ဖတ်ချင်အောင်လည်း လှည့်ပတ်တိုက်တွန်းရတာပေါ့” လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်ခွဲမှူးလည်းဖြစ်သလို ဒေါက်တာတဦးလည်းဖြစ်တဲ့ ဆရာတမာက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားမှာလည်း အခုနောက်ပိုင်းမှာ စစ်သည်တော်ကျင့်ဝတ်နဲ့ မညီတာ၊ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်နှိပ်စက်ချင်တာနဲ့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ကြီးနိုင်ငယ်ညှင်းလုပ်ချင်တာ၊ နယ်မြေစိုးမိုးမှုကို ဇွတ်လုပ်ယူတာတွေ ဖြစ်လာနေပါတယ်။ 

ဒီဖြစ်စဉ်တွေဟာ တကယ်တော့ မဖြစ်သင့်ဘူးပါဘူး။ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာသိမ်းမှု စစ်ကောင်စီအဖွဲ့ကိုသာ အင်တိုက်အားတိုက် အမြစ်ဖြတ်ကြပြီး အဖိနှိပ်ခံလူထု လွတ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။ 

အဖွဲ့ပြိုင် နယ်မြေပြိုင်ပြီး တရားဝင်မှုကို ဇွတ်ဖန်တီးနေရမှာ မဟုတ်ပါဘူး။ လက်ရှိမြန်မာ လက်နက်ကိုင်တော်လှန်ရေးရဲ့ အနှစ်သာရဖြစ်တဲ့ ချစ်ခြင်းမေတ္တာဖြင့်သာ သွားနိုင်ရေး သတိပြုကြဖို့ အားစိုက်ကြရမယ်မဟုတ်လား။ တရားမျှတမှုကိုချစ်စိတ်၊ အမှန်တရားကိုချစ်စိတ်၊ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်တွေ ဖြစ်ထွန်းဖို့ ခေါင်းဆောင်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ 

တော်လှန်ရေးရဲဘော်တွေ စာဖတ်နိုင်ဖို့ကိုလည်း စာအုပ်တွေအပြင် အင်တာနက်၊ လျှပ်စစ်မီးရတဲ့နေရာတွေမှာ အွန်လိုင်းကနေ စာဖတ်နိုင်ဖို့ရှာဖွေပေးတာ၊ ဖတ်ခိုင်းတာ၊ လေ့လာခိုင်းတာတွေ လုပ်ပေးနိုင်ရင်တော့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ ပြည်သူချစ်တဲ့ တော်လှန်ရေးရဲဘော်တွေအဖြစ် ပုံပေါ်လာနိုင်လိ့မ်မယ်ဆိုတာ သေချာပါပဲ။

“တရားသောစစ်ချီသူရဲကောင်းများ

နှလုံးသားအဟာရပြည့်ဝဖို့

အခါအခွင့်သင့်သည့်အချိန်တိုင်း

လာပါ နားပါ

အားလပ်ချိန်တိုင်းမှာ

ဖတ်ပါ မှတ်ပါ စိတ်ခွန်အားဖြည့်ပါ....။” လို့ MRG စာဖတ်ခန်းလေးအတွက် ရေးဖွဲ့ထားပါတယ်။

“ကျနော်ကတော့ သူတို့ကိုထိန်းကျောင်းပေးဖို့နဲ့ သူတိုကိုလမ်းမှာမရောက်အောင် ညွှန်ပေးတယ်။ အနုပညာနဲ့သူတို့ အတော်အဆင်ပြေတယ်။ သေချာတယ် အရေးတော်ပုံကလည်းအောင်မှာပါ။” လို့ အနုပညာသမားလည်းဖြစ်တဲ့ ရဲဘော်ပြေဇော်က သူယုံကြည်ချက်ကို ထပ်လောင်းပြောပါတယ်။

ဒါပေမယ့်လည်း စာအုပ်စင်လေးတွေ စာဖတ်ခန်းလေးတွေဟာ တော်လှန်ရေးစခန်းတွေမှာ စစ်ရေးလိုအပ်ချက်အရပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ပျောက်ကွယ်လုလုနဲ့ ဖျက်သိမ်းလိုက်ရတာ အခြားသူတွေကို ပေးလိုက်ရတာတွေနဲ့ အမေ့လျော့ခံတွေအဖြစ် ဖြစ်လာနေပါပြီ။ 

ကမ္ဘာမှာရှိတဲ့ စစ်အာဏာရှင်တိုင်းဟာ လူထုလူတန်းစားတွေနဲ့ တော်လှန်ရေးသမားတွေ စာတတ်မှာ၊ ပညာတတ်မှာ၊ အသိဉာဏ်ပညာတွေ ဖွံ့ဖြိုးလာမှာကို အကြောက်ဆုံးပါပဲ။ ဒါကြောင့်လည်း ပညာသင်ခွင့်ကန့်သတ်တာ၊ စာအုပ်စာပေတွေကို မီးရှို့ဖျက်ဆီး ဆင်ဆာဖြတ်တောက်တာနဲ့ အသိဉာဏ်ပညာဖွင့်ပေးသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို အစဉ်မပြတ် လုပ်ခဲ့ကြတာပါ။ အရာရာကို အမှောင်ချထားတတ်တဲ့ လုပ်ရပ်နဲ့ပဲ အစဉ်အဆက် ဗိုလ်ကျစိုးမိုးချယ်လှယ်ခဲ့ကြပါတယ်။

အဲ့ဒီလိုအမှောင်ချထားမှုကို ဖယ်ရှားပစ်ဖို့ကတော့ အလင်းရောင်နဲ့တူတဲ့ ဉာဏ်ပညာကို မွေးမြူဖို့ပါ။ ချစ်ခြင်းမေတ္တာတွေကို အခြေခံထားတဲ့ တော်လှန်ရေး စစ်ပွဲထဲမှာ ဉာဏ်ပညာရဖို့ စာအုပ်စင်တွေ ရှိနေစချင်ပါတယ်။ 

တော်လှန်ရေး တပ်ဖွဲ့တပ်သားတွေအဖို့ စစ်အာဏာရှင်တပ်သားတွေနဲ့ ကွဲလွဲတဲ့ တခုထဲသော အချက်ကတော့ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာပဲလို့ ဆိုပါရစေ။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #တော်လှန်ရေး #ချစ်ခြင်းမေတ္တာ #ဉာဏ်ပညာ #စာအုပ် #အနုပညာ #ကျင့်ဝတ် #စည်းကမ်း #အာဏာရှင်တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10