ထီးချိုင့်နဲ့ အင်းတော်အစပ်မှာ ၁၂ ဘီးကားမှောက်လို့ ယာဉ်နောက်လိုက်သေဆုံး

ထီးချိုင့်နဲ့ အင်းတော်အစပ်မှာ ၁၂ ဘီးကားမှောက်လို့ ယာဉ်နောက်လိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ အင်းတော်နယ်စပ်က မဲဇာတောင်(‌ဒိုးပင်တောင်)မှာ ၁၂ ဘီးတွဲကားတစီး ဘရိတ်ပေါက်ပြီးတိမ်းမှောက်တာကြောင့် ယာဉ်နောက်လိုက်တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီကားဟာ ဧပြီ ၁၁ ရက်နေ့လယ် ၂ နာရီလောက်မှာ ကောလင်းကနေအင်းတော်ဘက်ကို ဆင်းလာချိန် ကားဘရိတ်ပေါက်ပြီး လမ်းဘေးကိုထိုးကျခဲ့ကာ ယာဉ်နောက်လိုက်က ကားပေါ်ကခုန်ချခဲ့ပြီးနောက် သေဆုံးသွားတာလို့ ဆိုပါတယ်။

“သူက ခုန်ချတဲ့အခါ မလွတ်ဘဲ ကားအောက်မှာ ပိသွားတာ၊ သူ့ကိုက ဂျိုင့်တွေနဲ့ ဆွဲထုတ်ရတာ၊ သွားခေါ်ထုတ်တုန်းက အသက်ရှိသေးတယ်၊ လမ်းခုလတ်မှာတင် ဆုံးသွားတာ။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ ကံမမြို့ဇာတိက ကိုဖြိုးဝေ အသက် ၃၈ နှစ် ဖြစ်ပြီး အလောင်းကို မအူကုန်းရွာ သုဿန်မှာထားရှိကာ ဧပြီ ၁၂ ရက်ဒီနေ့မှာ သံဃာတွေပင့်ပြီး သင်္ဂြိုဟ်မှာလို့ သိရပါတယ်။

မဲဇာတောင် (‌ဒိုးပင်တောင်)ဟာ ထီးချိုင့်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေပြီး ကောလင်းဘက်ကဆို ဒိုးပင်တောင်၊ အင်းတော်ကနေဆို မဲဇာတောင်၊ ထီးချိုင့်ဘက်ကဆို မင်းဝံတောင် လို့ ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတောင်ကျောမှာ မကြာခဏကားတိမ်းမှောက်မှုတွေ ဖြစ်လေ့ရှိပြီး ဧပြီလ ဒုတိယပတ်အတွင်း ကလည်း တွဲကားတစီး လမ်းချော်ပြီးတိမ်းမှောက်ခဲ့ကာ ကားသမားတိုင်း သတိထားရတဲ့ တောင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #အင်းတော် #ကားမှောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10