ဒီပဲယင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့လုပ်နေ

ဒီပဲယင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့လုပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က ဩဂုတ် ၁၈ ရက် ဒီနေ့မနက် အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှုတွေလုပ်ပြီး ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့လယ် ၂ နာရီနောက်ပိုင်းမှာ နမခကနေ Mi 35 နဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ပေးပြီး မန္တလေး နန်းတွင်းကနေ Mi 17 ၄ ခေါက်နဲ့ စစ်ကူ ၁၀၀ ဝန်းကျင်ချပြီးနောက် မြို့ထဲကို စစ်ကောင်စီတပ်တွေပြန်ဝင်လာတာလို့ ဆိုပါတယ်။

“(စကစတွေကို)လိုက်ရှင်းနေတဲ့အချိန် ပုန်းနေတာကိုတွေ့လို့ တိုက်ပွဲထပ်ဖြစ်တဲ့အချိန် လေကြောင်း ပစ်ပြီးလူချသွားတာ။ အဲ့ဒါကြောင့် ကျနော်တို့ဘက်က နောက်ပြန်ဆုတ်ထားတယ်။”လို့ ဒေသခံ ကာကွယ်‌ရေးရဲဘော်တဦးက ပြောပါတယ်။

လက်ရှိ မြို့ထဲကရပ်ကွက်တချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေတာရှိပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ဌာနေကိုယ် ပြန်ဆုတ်သွားတဲ့အချိန်မှာမှ သူတို့ လူတွေအများကြီးချပြီးတော့ ပြန်စီးလိုက်တဲ့သဘောပေါ့၊။ မြို့လယ်ကောင်ကနေ နေရာအနှံ့ကို ဖြန့်ချပစ်လိုက်တာ။”လို့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့တခုမှ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီက ဒီပဲယင်းမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ ထပ်တိုက်) စတဲ့နေရာတွေမှာ အင်အား ၆၀ ကျော်နဲ့ တပ်စွဲထားတာဖြစ်ပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးကတော့ ဩဂုတ် ၁၆ နဲ့ ၁၇ ရက်တွေမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

သြဂုတ် ၁၈ ရက် ဒီကနေ့မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာတော့ ဒီပဲယင်းမြို့ပေါ်က လက်ကျန်စခန်း တွေဖြစ်တဲ့ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ထပ်တိုက်) နေရာက စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းလင်းပြီး မြို့ကိုသိမ်းနိုင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က အင်အားသုံးပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ 

သြဂုတ် ၁၅ ရက်ကတည်းက စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပျူစောထီး၊ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့တယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။  

ဒီပဲယင်းမြို့ဟာ မုံရွာ နမခ စစ်ဌာနချုပ်နဲ့ မိုင် ၃၀ ကျော်အကွာ မုံရွာ-ရေဦးကားလမ်း နံဘေးမှာ တည်ရှိတာဖြစ်ပြီး နမခနဲ့ ဒီပဲယင်းမြို့အကြားမှာ ဘုတလင်မြို့တမြို့သာ ခြားတော့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #မြို့သိမ်း #စစ်ကောင်စီ #ဒေသခံကာကွယ်ရေးတပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10