ဒီပဲယင်းနဲ့ အင်းတော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်

ဒီပဲယင်းနဲ့ အင်းတော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီပဲယင်းမှာ သြဂုတ် ၁၅ ရက် ညပိုင်းကစတင်ကာ ပစ်ခတ်မှုတွေစတင်ခဲ့ပြီး ဒီကနေ့မှာတော့ ရေဦးကနေ ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ရေဦးဘက်က စစ်ကြောင်းမှာ ဒုတပ်ကြပ်တဦးကျတယ်လို့ ကြားရတယ်။ ဒီပဲယင်းမှာရှိနေတဲ့ ဗိုလ်တဦး ကျတယ်လို့ ကြားရတယ်။ အခြေအနေတွေက ရုတ်ရုတ်သဲသဲနဲ့ ဝေဟင်ကလည်း ဆက်တိုက်လာနေတာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေ ဘာတခုမှမသိရသေးဘူး။” လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်ကောင်စီဘက်က အရာရှိတဦးကျသွားတဲ့ အတွက် လေကြောင်းပစ်ကူ လိုအပ်နေကြောင်း၊ ရဲစခန်းနဲ့ ထွေအုပ်ရုံး မီးရှို့ဖျက်ဆီးခံရကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ 

“ဒီပဲယင်းမှာ မနေ့ညထဲက အသဲအသန် တိုက်ပွဲဖြစ်နေတာပါ။ အခုထိဖြစ်နေတုန်း၊ အခြေအနေတော်တော်ဆိုး ပါတယ်။ လေယာဉ်ပစ်ကူက ၂ ခေါက်ထက် ပိုလိုအပ်တယ်။ အရာရှိတယောက်လည်း ကျသွားတယ်လို့ ကနဦးသိရတယ်။” လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တခုမှာ ရေးသားဖော်ပြထားပါတယ်။

သြဂုတ် ၁၆ ရက်က ဒီပဲယင်းမြို့ပေါ် ရပ်ကွက် ၃ ခုကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချခဲ့ပြီး ဒီကနေ့ မနက်ကနေ ညနေထိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး၊ Y12 ထောက်ပို့ယာဥ်နဲ့ လေကြောင်း ၁၁ ကြိမ် တိုက်ခိုက်ကာ ဗုံးသီး ၆၂ လုံး ကြဲချခဲ့ပါတယ်။ 

ဒါ့အပြင် Mi 35 ရဟတ်ယာဉ်နဲ့ ၆ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့မှာလည်း သြဂုတ် ၁၆ ရက် မနေ့မနက် ၄ နာရီမှာ ပစ်ခတ်မှုတွေ စတင်နေပြီး ညနေ ၅ နာရီ ဝန်းကျင်မှာတော့ အင်းတော်မြို့ထဲကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ကာ ဗလီကျောင်းနား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မွန်းလွဲ ၂ နာရီ ခွဲဝန်းကျင်မှာလည်း ဂျက်ဖိုက်တာနဲ့ ထပ်မံလေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

“မြို့ထဲမှာလည်း တိုက်ပွဲဖြစ်နေတယ်။ (မနေ့က) ဗုံးက ဗလီဘက်ကြဲတာ၊ ဗလီတော့ (မီး)မလောင်ဘူး။ ဗလီကျောင်းရှိတဲ့ဘက်ခြမ်းတော့ မီးလောင်နေတယ်။ အခုတော့ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာ တောက်လျှောက်ပဲ။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက သြဂုတ် ၁၇ ရက် ဒီကနေ့ တရက်ထဲမှာတင် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဒီပဲယင်း၊ အင်းတော်၊ သပိတ်ကျင်း၊ ငါန်းဇွန်စတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သုံး တိုက်ခိုက်ရေးရဟတ်ယာဉ်တစီး။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #အင်းတော်မြို့ #စစ်ကောင်စီ #လေကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10