ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီတပ်တွေ နေရာပြန်ယူ

ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီတပ်တွေ နေရာပြန်ယူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ပြန်ဝင်ရောက်ကာ နေရာယူထားတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက မန္တလေး နန်းတွင်းကနေ Mi 17 ၄ ခေါက်နဲ့ပို့လာတဲ့ ခမရ ၇၀၄ က တပ်သား ၁၀၀ ဝန်းကျင်နဲ့ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ တပ်သားတွေအပါအဝင် ပူးပေါင်းအင်အား ၁၅၀ နီးပါး မြို့မှာရှိနေတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်ကိုတော့ (စကစ)လုံးလုံးဝင်သွားပြီပေါ့နော်။ သူတို့ဝင်လာလို့ ဆုတ်ခွာပေးတာမျိုးတော့ မဟုတ်ခဲ့ဘူး။ တော်လှန်ရေးအင်အားစုတွေ နောက်ပြန်အနားယူနေချိန် စစ်ကောင်စီက ဝေဟင်နဲ့ ဆက်တိုက်ဝင်လာတာ။” လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင် ကိုဖြိုးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက မြသိန်းတန်ဘုန်းကြီးကျောင်း၊ ကုန်းသာဦးဘုန်းကြီးကျောင်း၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ အထိုင်ချထားတယ်လို့ဆိုပါတယ်။

“သူတို့ဘက်က အထိုင်နေရာတွေ ပြန်ပြီးတော့ ထိုင်နေတယ်၊ အရင်ထိုင်တဲ့နေရာတွေ စခန်းတွေက အကုန်လုံး မီးရှို့ပြီးပြီဆိုတော့ နေလို့ မရတော့ဘူး။” လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ဒီပဲယင်းမြို့ကို သြဂုတ် ၁၅ ရက်မှာ စတိုက်ခဲ့ပြီး သြဂုတ် ၁၈ မနက်အစောပိုင်းမှာ လက်ကျန်စခန်းတွေဖြစ်တဲ့ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ထပ်တိုက်) နေရာက စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းလင်းပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကောင်စီဘက်က ပျူစောထီး၊ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ဆက်လက် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့ဟာ မုံရွာ နမခ စစ်ဌာနချုပ်နဲ့ မိုင် ၃၀ ကျော်အကွာ မုံရွာ-ရေဦးကားလမ်း နံဘေးမှာ တည်ရှိတာဖြစ်ပြီး နမခနဲ့ ဒီပဲယင်းမြို့အကြားမှာ ဘုတလင်မြို့တမြို့သာ ခြားတော့တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ - ယမန်နေ့က ဒီပဲယင်းမြို့သိမ်းပြီးနောက်တွေ့ရသည့် 96 Soldiers ရဲဘော်များ။ (ဓါတ်ပုံ - U Pyay)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ဒီပဲယင်း #မြို့သိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10