ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင်

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေချိန်အတွင်း နိုင်ငံရေးအမှုနဲ့ဖမ်းခံရသူ ၁၇ ဦးအပါအဝင် အချုပ်သား ၂၀ ဦးကို ကယ်နိုင်ခဲ့တယ်လို့ ကယ်ထုတ်ခဲ့တဲ့မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

သြဂုတ် ၁၅ ရက်ကနေ ၁၈ ရက်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး နိုင်ငံရေးမှုနဲ့ဖမ်းခံထားရသူတွေရှိတဲ့ ရဲစခန်းအချုပ်ထောင်ကိုတော့ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ကာ အချုပ်သားတွေ ထိခိုက်ဒဏ်ရာမရအောင် သတိထားပြီး ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အကျဉ်းသားတွေကို ကယ်ထုတ်ပြီး ဒဏ်ရာရတာရှိလားမေးတော့ တယောက်မှ မရဘူး၊ တိုက်ပွဲစဖြစ်တဲ့ အချိန်ကတည်းက ထမင်းမစားရတော့တာ ၃၊ ၄ ရက် ရှိပြီပြောတယ်၊ အကိုတို့ လာကယ်မယ့်အချိန်ကို စောင့်နေတာကြာပြီဆိုတဲ့ စကားသံတွေ ကြားရတယ်။”လို့ ရှေ့တန်းစစ်‌ဆင်ရေးတပ်မှူးတဦးက ပြောပါတယ်။

ဆန္ဒပြစဥ် ဖမ်းဆီးခံရသူ၊ ရွာတွေကို စစ်ကြောင်းဝင်ပြီးနောက် ဖမ်းဆီးခံရသူ စတဲ့နိုင်ငံရေးအမှုနဲ့ဖမ်းခံထားရသူ ၁၇ ဦးနဲ့ သစ်ကိစ္စကြောင့်ဖမ်းဆီးထားသူ ၁ ဦး၊ အဖိုးအဖွား ၂ ဦး စုစုပေါင်း ၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဘန်ကာနဲ့ ခြံစည်းရိုးကိုဖောက်ပြီး (ရဲစခန်း)ဝင်လုံးတဲ့ချိန် အော်သံတွေ စကြားရတယ်၊ သူတို့အကျဉ်း သားတွေပါ၊ သူတို့ ရှိပါသေးတယ် အော်လာမှ ရှိမှန်းသိတာ၊ ရဲစခန်းကို ဆက်ရှင်းတဲ့ချိန်တော့ သတိထားရတာပေါ့။”လို့ 96 Soldiers - PDF စစ်ရေးတာဝန်ခံ  ရဲဘော်မန်းလေးက ပြောပါတယ်။

လက်ရှိ လေကြောင်းအန္တရာယ်လည်းရှိနေတဲ့အတွက် လွတ်မြောက်လာသူတွေကို ဘေးကင်းတဲ့နေရာမှာ ထိန်းသိမ်းထားပြီး နောက်ဆက်တွဲလုပ်ငန်းစဥ်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒီပဲယင်းမြို့ကို သြဂုတ် ၁၈ ရက် မနက်အစောပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲ့ဒီနေ့ နေ့လယ် ၂ နာရီနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာ၊ မန္တလေးနန်းတွင်းမှာရှိတဲ့ ခမရ ၇၀၄ စစ်ကြောင်းက စစ်ကူ ၁၀၀ ဝန်းကျင်ကို လေကြောင်းအကူနဲ့မြို့ထဲကို ပြန်ပို့ထားခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာလာခဲ့ရတာလည်း ဖြစ်ပါတယ်။ 

တိုက်ပွဲအတွင်း အလံဖြူထောင်လက်နက်ချခဲ့တဲ့ စစ်ကောင်စီဘက်က ပျူစောထီး၊ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော်ကိုလည်း ဆက်လက်ထိန်းသိမ်းထားတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပုံစာ - သြဂုတ်လ ၁၈ရက်ညပိုင်း၌ ဒီပဲယင်းတိုက်ပွဲအတွင်း ရဲစခန်းအချုပ်ထောင်မှ အချုပ်သားများအား ကယ်ထုတ်နေစဥ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

 

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #အချုပ်သား #ကယ်ထုတ်နိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10