ဒုတိယပိုင်း ၁၀၂၇ မှာ မတ္တရာက စစ်တပ်စခန်း ၂၅ ခုကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထား

ဒုတိယပိုင်း ၁၀၂၇ မှာ မတ္တရာက စစ်တပ်စခန်း ၂၅ ခုကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂၅ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက  ဇူလိုင် ၆ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်စတင်ပြီး ၇ ရက်အကြာမှာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့ ဒီနေ့မှာတော့ စုစုပေါင်း စခန်း ၂၅ ခုထိ သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

လက်ရှိ မတ္တရာမြို့နယ်ထဲက စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ဆည်တော်လမ်းခွဲ၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ နပတ်လည်အင်းစခန်း အပါအဝင် စစ်ကောင်စီစခန်း ၂၅ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ၁၂၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် သေနတ် ၄၀ လက်၊ ကျည်ဆန်မျိုးစုံ၊ စကားပြောစက် ၁၅ လုံးကျော်၊ လက်နက်ကြီးဗုံးသီးတွေနဲ့ စစ်လက်နက် ဆက်စပ်ပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တချို့ အလင်းဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါ စစ်ဆင်ရေးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး၊ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ SSTF တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်နေတာလို့လည်း ဆိုပါတယ်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်‌‌ရေးကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကစတင်ပြီး ရှမ်းပြည်‌မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်း ကစစ်ကောင်စီစခန်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နယ်မှာလည်း ဇူလိုင် ၄ ရက်အထိ စစ်ကောင်စီစခန်း ၈ ခုကို ဒေသခံကာကွယ်ရေး‌တပ်က သိမ်းဆည်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #၁၀၂၇ #MDYPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10