ဒေါနတောင်တန်းပေါ်က နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသော သစ်တော

ဒေါနတောင်တန်းပေါ်က နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသော သစ်တော

ဒေါနတောင်တန်းတွေပေါ်မှာ သစ်တောလေးတခုကို စပြီးထူထောင်နေပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံးသော သစ်တောလည်း ဖြစ်မှာပါ။ တော်လှန်နေထိုင်ခွင့်ပြုခဲ့တဲ့အတွက် ပြန်လည်ကျေးဇူးဆပ်တာ လို့ သစ်တောထူထောင်သူ CDM သစ်အုပ်ကြီး ကိုနေရဲက ရိုးရိုးပဲ ဆိုပါတယ်။ တဘက်မှာလည်း ကျဆုံးသူရဲကောင်းတွေအတွက် အထိမ်းအမှတ်လေး ဖြစ်ကျန်ခဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။

ဒေါနတောင်တန်းတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတခုထက် ပိုပါတယ်။ နွေဦးတော်လှန်ရေးကို လိမ္မော်သီးတလုံးလို အခွံခွါကြည့်လိုက်ပါ။ အတွင်းသား အစိပ်အမွှာတွေထဲ ရစ်ပတ်ထားတဲ့ အကြောမျှင်တွေလို၊ ဒေါနတောင်တန်းပေါ်က လူငယ်တွေရဲ့ သွေးကြောတွေဟာလည်း အပြိုင်းအရိုင်းနဲ့ ရစ်ပတ်ဆက်နွယ်နေကြပါလိမ့်မယ်။ ဒါတွေဟာ ဒေါနတောင်တန်းကို အမြစ်တွယ်ရှင်သန်လာတဲ့၊ တော်လှန်တောအုပ်တွေ ဆိုလည်း မမှားပါဘူး။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြို့ပြ၊ ကျေးလက် ပလက်ဖောင်းပေါ်က ဆန္ဒပြမှုတွေ ဖြိုခွင်းခံလိုက်ရချိန်တခု ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူထုဆန္ဒထုတ်ဖော်မှုတွေကို ကျောခိုင်းခဲ့တဲ့ လူငယ်ထုအများစုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို နည်းမျိုးစုံနဲ့ စိမ့်ဝင်ပျံ့နှံ့ ဝင်ရောက်သွားခဲ့ကြပါတယ်။ 

အဲဒီလိုလူငယ်တွေထဲမှာ ပဲခူးတိုင်းဒေသကြီး သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာနရဲ့ CDM သစ်အုပ်ကြီး ကိုနေရဲ တယောက်လည်း ပါဝင်ခဲ့ပါတယ်။ သူက လက်နက်ကိုင်တိုက်ခိုက် ပစ်ခတ်ရတဲ့အလုပ်နဲ့ ဆန့်ကျင်စွာပဲ ပျိုးထောင်စိုက်ပျိုး ပြုစုစောင့်ရှောက်တာကို လုပ်ခဲ့ရသူတယောက်ပါ။ 

တော်လှန်ရေးခရီးမှာ သစ်တောအုပ်တယောက်ရဲ့ ဗီဇကို သူမဖျောက်နိုင်ခဲ့ပါဘူး။ တောင်တန်းတောအုပ် တွေထဲနေရင်း သစ်ပင်တွေကို သတိရနေသူပေါ့။ တဖက်မှာလည်း သူတို့လို လူငယ်တော်လှန်ရေးသမား တွေကို ခိုလှုံခွင့်ပေးထားတဲ့ ဒေါနတောင်တန်းမြေကို ပြန်လည် အကျိုးပြုချင်နေပြန်ပါတယ်။

“ကျနော်တို့ကို တော်လှန်နေထိုင်ခွင့်ပေးထားတဲ့ ဒီဒေသအတွက် တော်လှန်ရေးကာလမှာ ပြန်လည် ကျေးဇူးဆပ်ချင်တဲ့အတွက်၊ ခေတ်အဆက်ဆက်က ကျရှုံးသွားရတဲ့၊ သူရဲကောင်းတွေကို ကိုယ်စားပြုတဲ့ Revolution Forest လေးတခု ဖန်တီးမယ်ဆိုတဲ့ အတွေးပေါ့” လို့ ကိုနေရဲက ပြောပါတယ်။

ဒီလိုနဲ့ တော်လှန်သစ်ပင်တွေ ပျိုးထောင်ရင်း အာဇာနည်သူရဲကောင်းတွေရဲ့ အထိမ်းအမှတ် သစ်တောလေး စတင်ဖြစ်ခဲ့တယ်လို့ ဆိုရမယ်။ 

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း တခုတည်းနဲ့ ပထမဆုံးသော သစ်တောလေးတခု ဖြစ်လာမယ်။ ပြီးရင်တော့ ဌာနေတိုင်းရင်းသားတွေနဲ့ ခိုလှုံခွင့်နဲ့အတူ လက်နက်ကိုင် တော်လှန်ခွင့်ကိုပါ ပေးထားတဲ့ KNU/KNLA တပ်မဟာတွေကိုလည်း ပြန်လည် အကျိုးပြု ကျေးဇူးဆပ်ရာ ရောက်တယ်လို့ ဆိုပါတယ်။

“အာဏာရှင်ကိုတွန်းလှန်ရင်း ကျဆုံးသွားရတဲ့သူရဲကောင်းတွေဟာ အလေးနီပြု သင်သွားလိုရာ သွားနိုင်ပြီဆိုတဲ့ အမိန့်စာလေးဖတ်ပြပီးရင် ဘာအမှတ်တရမှ ကျန်မနေခဲ့ပါဘူး။ သူတို့အတွက် အမှတ်တရတခုခု ကျန်နေခဲ့အောင်” လို့ ကိုနေရဲ က သူရဲ့ခံစားချက်ကို ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် အမှတ်တရကျောက်တိုင်နဲ့ အမှတ်အသား နေရာလေးတွေ အတော်များများ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သစ်တောသစ်ပင်စိုက်ပျိုးမှုကတော့ ရှားပါးပါတယ်။ ဒီထက်ပိုပြီး ဧက ဆယ်နဲ့ချီပြီး တစုတစည်းထဲ စိုက်ပျိုးတာကတော့ မရှိသေးသလို အခုတကြိမ်စိုက်ပျိုးမဲ့ သူရဲကောင်းသစ်တောကတော့ ပထမဆုံး ဖြစ်လာမှာပါ။ 


တော်လှန်သစ်ပင်နဲ့ သူရဲကောင်းသစ်တော ကမ်ပိန်း(Campaign) ကိုတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဇူလိုင်လ ၅ ရက်နေ့အထိ သတ်မှတ်ပြီး မိုးဦးကျမှာပဲ သစ်ပင်တွေကို စတင်စိုက်ပျိုးဖို့ ရည်ရွယ်ပြီး ကိုနေရဲ နဲ့ အမာခံရဲဘော် ၃ ဦးလောက်က စတင်ပျိုးထောင်ခဲ့ကြပါတယ်။

သစ်တောထူထောင်မှုမှာတော့ ရေတိုနဲ့ရေရှည် နှစ်မျိုးစလုံးအတွက် အကျိုးဖြစ်ထွန်းအောင် ကိုနေရဲက ပြင်ဆင်ခဲ့ပါတယ်။ ကျွန်းပင် ၁၅၀၀၀ နဲ့ သစ်မာအမျိုးအစားတွေဖြစ်တဲ့ သစ်ပိတောက်၊ မဟော်ဂနီ၊ တမလန်း၊ ပျဥ်းကတိုး ၅၀၀၀ ကို ပျိုးထောင်ခဲ့တာပါ။

ရေတိုအကျိုးဖြစ်ထွန်းဖို့အတွက်ကတော့ တော်လှန်သစ်ပင်လို့ အမည်ပေးထားတဲ့ နှစ်ရှည်အမျိုးအစား ပျိုးပင်လေးတွေကို တပင် ၁၀၀၀၀ နှုန်းနဲ့သတ်မှတ်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်စားကြတဲ့ သူတွေကို ရောင်းချပါတယ်။ ဒီဝင်ငွေကတော့ တော်လှန်ရေးကဏ္ဍအသီးသီးကို ထောက်ပို့ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝယ်ယူထောက်ပံ့ထားတဲ့ ပျိုးပင်လေးတွေကိုတော့ ကိုနေရဲ နဲ့ တော်လှန်ရေးရဲဘော်တွေ၊ စိတ်ပါဝင်စားတဲ့ ဒေသခံတွေက သတ်မှတ်နေရာတွေမှာ စိုက်ပျိုးပေးမှာပါ။

ဒီထောက်ပံ့မှုမှာတော့ ကိုနေရဲ ပါဝင်လှုပ်ရှားနေတဲ့ ဒေါနစစ်ကြောင်းကို ၄၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းစစ်ဒေသ အညာနဲ့ မကွေးအတွက် ၃၀ ရာခိုင်နှုန်း၊ CDM ၁၀ ရာခိုင်နှုန်း၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် ၁၀ ရာခိုင်နှုန်း ပျိုးဥယျာဥ်အတွက် ၁၀ ရာခိုင်နှုန်းစီ အသုံးပြုမှာပါ။

“တောင်တန်းကမြေပြန့်ကို ပစ်မထားပါဘူး။ တသားတည်း ရှိနေတယ်ဆိုတာလိုမျိုးပေါ့၊ အဲ့ဒါကို ဆိုလိုတာပါ။” လို့ ကိုနေရဲ က ပြောပါတယ်။

ရေရှည်အတွက်လည်း သစ်ပင်သစ်တောတွေ ကြီးပြင်းဖြစ်ထွန်းလာတဲ့အခါ အသုံးပြုနိုင်ဖို့အတွက် KNU ပိုင် ဧက ၂၀ နဲ့ ပြည်သူပိုင် ဧက ၂၀ သတ်မှတ်ပါတယ်။ ဒီသစ်တောဖြစ်လာဖို့ကတော့ KNU/ KNLA က ကူညီခွင့်ပြုတာတွေ လုပ်ပေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကလည်း ချိတ်ဆက် ဆောင်ရွက်ပေးတာတွေ လုပ်ပေးတယ်လို့ ဆိုပါတယ်။

KNU အတွက် စိုက်ပျိုးမှုကိုတော့ Karen Forest Department (ကရင်သစ်တောဦးစီးဌာန) ရဲ့ မြေနေရာရှိ ဧက ၂၀ မှာ ပျိုးပင် ၁၁၀၀၀ ကို မြို့နယ်ဥက္ကဋ္ဌ က အဓိက ဦးစီးပြီးစိုက်ပျိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်ဧက ၂၀ စာအတွက်ကတော့ ဒေသခံပြည်သူပိုင်တောင်ယာ၊ ကျေးရွာပိုင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဆေးခန်းတည်ဆောက်ခဲ့တုန်းက ခုတ်ယူထားခဲ့တဲ့ သစ်ပင်တွေအတွက် ပြန်လည်အစားထိုး စိုက်ပျိုးပေးတာ လမ်းဘေးဝဲယာ၊ ကျေးရွာပိုင်စံပြစိုက်ခင်း အစရှိတဲ့ နေရာတွေမှာ စိုက်ပျိုးပေးနေပြီလို့ သိရပါတယ်။

ဒီလို စိုက်ပျိုးပြတာဟာ သစ်တော၊ သစ်ပင်တွေကိုတန်ဖိုးထားတတ်အောင် သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တချို့ကို ကာကွယ်ပေးနိုင်အောင် အပြင် အခြားဒေသအတွက် စိုက်ပျိုးမှုစံနမူနာ တခုလည်း ရှိတယ်လို့ ဆိုပါတယ်။

“ဒီဘက်က ဒေသခံအများစုက တောင်ယာသီးနှံစိုက်ပျိုးဖို့အတွက် သူတို့ကိုယ်ပိုင်ခြံမှာ သော်လည်းကောင်း KFD ရဲ့ မြေနေရာမှာ ငှားရမ်းပြီး စိုက်ပျိုးလေ့ရှိပါတယ်။ အဲ့ဒီလို တောင်ယာသီးနှံစိုက်ပျိုးတဲ့ စိုက်ခင်းတွေမှာ သစ်တောသစ်ပင်နဲ့ ရောနှောစိုက်ခင်းအဖြစ် ပြုလုပ်လို့ရကြောင်း စံပြစိုက်ကွက်လေးဖြစ်အောင် စိုက်ပျိုးတာပါ” လို့ ကိုနေရဲက ဆိုပါတယ်။

စစ်အာဏာရှင်ဟာ နှစ်ပေါင်းများစွာကြာအောင် သစ်တောသစ်ပင်နဲ့ အဖိုးတန်သယံဇာတ တွေကို အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲ ရောင်းချပြီး ကိုယ်ကျိုးစီးပွားအတွက် သုံးခဲ့ပါတယ်။ ဒီလိုသုံးစွဲရာမှာ ပြည်နယ်ဒေသတွေက အဖိုးတန်သယံဇာတတွေကိုလည်း ထုတ်ယူခဲ့ပေမယ့် ဌာနေတိုင်းရင်းသားတွေ အကျိုးကို ထည့်သွင်းစဉ်းစားတာ မလုပ်ခဲ့ပါဘူး။

သစ်တောသစ်ပင်ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကမ္ဘာကြီးပူနွေးလာမှု ဖန်လုံအိမ် အာနိသင်ဆိုင်ရာ လျော့ချမှု အပြည်ပြည်ဆိုင်ရာ ကတိကဝတ်တွေကတော့ စာရွက်တွေပေါ်မှာပဲ ရှိနေပြီး ပျက်စီးဆုံးရှုံးမှုတွေကတော့ ရှိနေဆဲပါပဲ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အလွန်မှာတော့ သစ်တောသစ်ပင် တရားမဝင်ခိုးယူထုတ်နေမှုတွေက အတိုင်းအဆမရှိ မြင့်တက်လာပါတယ်။ စစ်ကောင်စီတပ်တွေကို လမ်းကြေး၊ ဆတ်ကြေးပေး ခိုးထုတ်နေတာတွေနဲ့ တော်လှန်ရေးအင်အားစုတွေ PDF စခန်းတွေရဲ့သတင်းတွေ စုံစမ်းပေးတာတွေကို သစ်မှောင်ခိုသမား တချို့ကသုံးပြီး သစ်ထုတ်လုပ်ဖို့ ကြိုးစားမှုတွေလည်း ရှိနေတာပါ။

“ယခုကာလမှာ ထိန်းသိမ်းဖို့ထက် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူသုံးစွဲလာမှုတွေက နေ့စဥ်နဲ့အမျှ တိုးပွားလာရမှုတွေကြောင့် သစ်တောသယံဇာတတွေများစွာ ပြုန်းတီးနေရပါပြီ။ တော်လှန်ရေးပြီးရင် ပြန်လည်ထိန်းသိမ်း စိုက်ပျိုးရမယ့်အထဲမှာ သစ်တောသယံဇာတွေလည်း တခုအပါအဝင်ပါပဲ” လို့ ကိုနေရဲက ပြောပါတယ်။

သစ်တောသစ်ပင် ပြုန်းတီးမှုတွေကြားမှာပဲ ဌာနေတိုင်းရင်းသားတွေရဲ့ ထိန်းသိမ်းထားမှုအချို့လည်း ရှိနေတယ်လို့ သူက ထပ်မံဆိုပါတယ်။

“သူတို့မှာ ထိန်းသိမ်းထားတဲ့ သစ်တောတွေရှိပါတယ်ခင်ဗျ။ ဥပမာ အင်တော၊ အမိုးအကာ အတွက် အင်တောတွေ စိုက်ပျိုးထိန်းသိမ်းထားပါတယ်ခင်ဗျ။” လို့ ကိုနေရဲ က ဆိုပါတယ်။

ဒေါနတောင်တန်းမှာ နေထိုင်နေကြတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် သစ်တောအုပ်ကြီး ကိုနေရဲ ကတော့ စိုက်ပျိုးမှုအကြံဉာဏ်တွေကို ပေးနေပါတယ်။ တဘက်မှာလည်း သူရဲကောင်းသစ်တောအတွက် စိတ်ပါဝင်စားစွာနဲ့ ပါဝင် ပူးပေါင်းစိုက်ပျိုးဖို့ စည်းရုံးမှုတွေလည်း လုပ်ပါတယ်။ 

စည်းရုံးအကြံဥာဏ်ပေးမှုတွေက အောင်မြင်တယ်လို့ ဆိုရမှာပါ။ တောင်ယာစိုက်ခင်းစိုက်ပျိုးနေတဲ့ ဒေသခံတဦးရဲ့ စိုက်ခင်းမှာ သီးနှံရောနှောစိုက်ခင်းတခု အကောင်ထည်ဖော်ကြသလို ပြည်သူပိုင်အနေနဲ့ စိုက်ပျိုးနေတဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်း၊ လမ်းဘေးဝဲယာ၊ စာသင်ကျောင်းတွေမှာ သစ်ပင် စိုက်ပျိုးမှုတွေကို ဒေသခံတိုင်းရင်းသားတွေက ကူညီစိုက်ပျိုးနေကြပါပြီ။

ဒီနှစ်မိုးရာသီမှာတော့ သစ်ပင်ပျိုးပင်ပေါင်း ၂၀၀၀၀ ကို မဖြစ်မနေစိုက်ပျိုးတော့မှာပါ။ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ခဲ့ကြရပေမဲ့ အသိပညာ၊ အတတ်ပညာနယ်ပယ်စုံမှာ ကျင်လည်ခဲ့ကြတဲ့ သူတွေဟာ သူတို့ရဲ့ မူလဗီဇနဲ့ ကျွမ်းကျင်လိမ္မာမှုတွေကို မဖျောက်နိုင်ခဲ့ကြပါဘူး။

တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ကြတဲ့ သူတွေကတော့ တချိန်ချိန်မှာ သူတို့ ဝါသနာပါရာ သူတို့ကျွမ်းကျင်ရာ နယ်ပယ်တွေမှာ တစိုက်မတ်မတ်နဲ့ ဆက်လက် လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ 

ကိုနေရဲ ကိုယ်တိုင်လည်း ဒီကာလမှာတော့ သူရဲ့ သစ်ပင်စိုက်တဲ့လက်တစုံက အာဏာရှင်အမြစ်ကို လှန်နေသူတယောက်ပါ။ သူကတော့ လက်ရှိ စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချဖို့ ဘဝတူ တော်လှန်ရေးအင်အားစုတွေကို ပြောဆိုပါတယ်။ ဒါ့အပြင် ယခုပြုလုပ်နေတဲ့ တော်လှန်သစ်ပင် ၂၀၀၀၀ ထောက်ပို့ ပြည်သူ ၂၀၀၀'' Challenge လေးကို ပြည်သူတွေပါဝင်ပေးကြဖို့လည်း တိုက်တွန်းချင်တယ်လို့ ပြောပါတယ်။

သူကိုယ်တိုင်ကလည်း “သစ်ပင်စိုက်တဲ့လက်က ဒီအာဏာရူးသစ်ပင်ကြီးကိုတော့ အမြစ်ကနေ လှန်ခွင့်ပြုပါ” လို့ ဆိုလိုက်ပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10