နန့်သာရွာစခန်းသိမ်းတိုက်ပွဲမှာ ခလရ ၆ က ဗိုလ်ကြီးအပါ ၁၆ ဦးသေပြီး လက်နက် ၂၀ သိမ်းဆည်း

နန့်သာရွာစခန်းသိမ်းတိုက်ပွဲမှာ ခလရ ၆ က ဗိုလ်ကြီးအပါ ၁၆ ဦးသေပြီး လက်နက် ၂၀ သိမ်းဆည်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်မျိုးစုံ အလက် ၂၀ ရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေဆီက သိရပါတယ်။

ဇွန် ၂၈ ရက် မနေ့ကမနက် ၇ နာရီခွဲလောက်မှာ စခန်းကိုသိမ်းနိုင်ခဲ့တာဖြစ်ပြီး တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ က ဗိုလ်ကြီး ပြုံးမောင်မောင်အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကာ အလောင်း ၁၄ လောင်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အရာရှိ ပြုံးမောင်မောင်က နန့်သာမှာ ထိုင်တဲ့ထဲကဆို အကြီးဆုံးပေါ့နော်။ (စကစဘက်က) အကုန် အသေချည်းပဲ မိတာ။ တယောက်ကတော့ လွတ်သွားပြီး ပြန်ဖမ်းမိတယ် ကြားတယ်။ စခန်းသိမ်းပြီးတော့ လေယာဉ်လာပစ်တာ ၂ လုံးကြားရတယ်။”လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက ‌မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက MA 1 ၃လက်၊ MA 2 ၁ လက်၊ MA 3 ၆ လက်၊ MA 4 ၁ လက်၊ MG 3 စက်လတ် ၁ လက်၊ Drone Gun ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၂ လက်၊ ကျည်အိမ် ၃၇ ခု၊ ကျည်အိမ်အဝိုင်း ၂ ခု၊ နင်းမိုင်းအကြီး ၃ ခု၊ ကျည်မျိုးစုံ ၈၀၀၀ ကျော်၊ အီနာဂါ၊ RPG၊ ၆၀ မမ စတဲ့ ဗုံးသီးမျိုးစုံ ၄၀ ကျော်၊ မိုင်းမျိုးစုံ ၁၅ လုံး၊ ဆက်သွယ်ရေးစက် ၁၂ လုံး၊ ကြားဖြတ်စက် ၁လုံး၊ Power Station ၁ လုံး၊ ဦးထုပ် ၁၁ လုံး၊ ဆန်အိတ် ၄၁ အိတ်၊ ဓား ၁၀ လက်ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နန့်သာရွာ စစ်ကောင်စီစခန်းကို ဇွန် ၂၂ ရက် ည ၉ နာရီလောက်ကတည်းက စတင်တိုက်ခိုက်နေတာ ဖြစ်ပြီး အဆိုပါတိုက်ပွဲကိုလာတဲ့ စစ်ကောင်စီဘက်က စစ်ကူစစ်ကြောင်းကိုလည်း ကန်ညီနောင်နဲ့ သက္ကကျင်းရွာထိပ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲစဖြစ်တဲ့ ဇွန် ၂၂ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက ဒေသခံအချို့ကို လူသားဒိုင်းအနေနဲ့ စခန်းချရာဘုန်းကြီးကျောင်းအတွင်း ပိတ်လှောင်ထားခဲ့ရာ ည ၁၂ နာရီဝန်းကျင် လေကြောင်းကနေ ဗုံးကြဲချိန်မှာတော့ ဘုန်းကြီးကျောင်းထဲမှာရှိနေတဲ့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။ 

“တိုက်ပွဲဖြစ်တော့ စစ်တပ်က ပြည်သူတွေကို အပြင်မထွက်ခိုင်းဘဲ ဘုန်းကြီးကျောင်းထဲ ခေါ်သွင်းတာ။ ည ဂျက်ဖိုက်တာနဲ့ လာကြဲတော့ PDF တွေရှိတဲ့ နေရာကိုကြဲတာ။ ဒါပေမယ့် မှားပြီးတော့ စစ်တပ် အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကိုကြဲမိတာ။ အဲ့မှာ ပြည်သူတွေသေသွားတာ”လို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။

ဒီတိုက်ပွဲကို ကသာခရိုင် တပ်ရင်း ၂၊ KIA နဲ့ အင်းတော်မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #နန့်သာရွာ #စစ်ကောင်စီ #စခန်းသိမ်း #သေဆုံး #လက်နက်ရရှိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10