နဘားဘူတာအိုရဲ့ တမ်းချင်း

နဘားဘူတာအိုရဲ့ တမ်းချင်း



ကျနော့်ကိုယ်ပေါ်မှာ နွယ်ပင်တွေ မြက်ပင်ရိုင်းတွေက အလုအယက်ဖက်တွယ်နေပြီး ဘေးပတ်ပတ်လည်မှာလည်း ရှင်းလင်းမယ့်သူတွေမရှိလို့ သူ့ထက်ငါ အပြိုင်ပေါက်နေတဲ့ မြက်ပင်တွေက တောထလို့ နေပါပြီ။

ကျနော့်ရှေ့မှာလည်း ကုန်တင်ရထားတစီး မလှုပ်မယှက်ရပ်ထားပြီး သူ့ကိုယ်ပေါ်မှာလည်း ကျနော့်နည်းတူ နွယ်ပင်တွေနဲ့ ပြည့်နေကာ သဘာဝတရားကြီးက ကျနော့်တို့တွေကို တဖြည်းဖြည်း ဝါးမျိုစပြုနေပါပြီ။

တချိန်က တဂျုန်းဂျုန်းမြည်နေတဲ့ မီးရထားစက်သံတွေ၊ “ဆန်ခေါက်ဆွဲ ပူပူလေး ရမယ် ဆန်ခေါက်ဆွဲ ပူပူလေး၊ အုန်းပေါင်းနင်း အုန်းပေါင်းနင်း၊ မုန့်ညှင်းပေါင်းတွေ ရမယ်” နဲ့ အပြိုင်အဆိုင် တစာစာ အော်ဟစ်ရင်း ဝယ်သူရှာနေတဲ့ ဈေးသည်သံတွေ၊ နေရာအနှံ့က ခရီးသွားတွေ၊ ကုန်တင်ကုန်ချ ဝန်ထမ်းတွေရဲ့ အားမာန်အပြည့်နဲ့ အော်ဟစ်ကာ ကုန်ထမ်းသံတွေနဲ့ စည်ကားအသက်ဝင်နေတတ်တဲ့ ဒီနေရာလေးဟာ အခုတော့ စာကလေးငှက်တွေရဲ့ တကျီကျီ အော်သံတွေကလွဲလို့ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။



အရင်ကဆို ကျနော့်ကို မှီခိုပြီး ဝမ်းစာရှာနေတဲ့သူတွေ၊ ကျနော့်ဆီကနေတဆင့် မိသား‌စုတွေရှိရာ အလုပ်ရှိရာ သွားလာရပြီး၊ ပညာသင်ဖို့ဆိုလည်း ကျနော့ဆီကတဆင့်ပဲ သွားကြရတာဖြစ်လို့ ကျနော့်အနားမှာ လူမရှိတဲ့နေ့ဆိုတာ မရှိခဲ့ပါဘူး။

တချိန်က ကျနော်ဟာ ဒီဒေသက လူတွေအတွက် မရှိမဖြစ် အရေးပါခဲ့ဖူးတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းမှာ အကြီးဆုံးဘူတာဖြစ်တဲ့အတွက် ရထားတိုင်း မရပ်မဖြစ် ရပ်ရတဲ့ဘူတာ၊ ရထားစက်ခေါင်းတွေ ရေဖြည့်ရပ်နားရာနေရာ၊ ကျနော့်ကို နဘားဘူတာလို့ ခေါ်ကြတယ်။ ကျနော်ဟာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နေတာပါ။ အခုတော့ စွန့်ပစ်ခံ ဘူတာအိုကြီးပေါ့။



အစွန့်ပစ်ခံ ဘူတာကြီး ဖြစ်သွားတာကလည်း အားလုံးသိကြတဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲက စခဲ့တာပဲ။ ကျနော်ချစ်ရတဲ့ မီးရထားဝန်ထမ်းတွေဟာ ယုံကြည်ရာ အမှန်တရားကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်းရင်း ဘဝတွေ အပျက်ခံပြီး ကျနော့်ကို ကျောခိုင်းခဲ့ကြတယ်။

သူတို့မရှိလေတော့ ရထားလမ်း ရပ်၊ ဘူတာလည်း ပိတ်။ ဒီတော့ ကျနော့်ကို မှီခိုပြီးပေါ်လာတဲ့ နဘားရွာက ရွာသားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပြီး တချို့ကြဆို အိမ်ဆောက်တဲ့နေရာမှာ သုံးတဲ့ ကျောက်အကြမ်းတွေ ချောင်းထဲမှာ လိုက်ကောက်ပြီး ဝမ်းစာရှာရတယ်။ တချို့ကြတော့ နေ့စားအလုပ်ကြမ်း လုပ်ကြတယ်။ တချို့ဆို ဝမ်းရေးက အဓိကမို့ အသက်တွေရင်းပြီး အလုပ်လုပ်နေရတာတောင် ရှိသေးတယ်။

ဘူတာရုံအဝင်မှာ မပျက်မစီး မပြုတ်ကျသေးဘဲ ချိတ်ဆွဲလျက်သားရှိနေတဲ့ ယဉ်ယဉ်သိန်း(နဘား)ရဲ့ ဘဝဇာတ်ခုံဆိုတဲ့ ဗီနိုင်းက ကျနော့်ကို အမြင်ကျယ်ပြီး တရားရစေပါတယ်။ ကျနော်တို့တွေက ဇာတ်ခုံတခုပေါ်က ဘဝတွေပါပဲ။ ကျနော့်မိတ်ဆွေတွေလည်း ခုဆို ကျရာဇာတ်ခုံတွေမှာ ကပြ အသုံးတော်ခံနေကြရတာပါပဲ။



ကျနော် ကြားသိသလောက် အများစုက သူတို့ရဲ့ ခံယူချက်နဲ့ ယုံကြည်ရာတွေကို လုပ်ကိုင်ရင်း ဘဝတွေ အပျက်ခံခဲ့တယ်။ တချို့မိတ်ဆွေတွေဆို သူတို့ယုံကြည်ချက်နောက်ကို လိုက်ရင်း အသက်တွေ ပေးလိုက်ရတယ်။ တချိန်က ကျနော့်အရိပ်မှာ ခိုနားခဲ့ဖူးတဲ့ ကျနော် ချစ်ရတဲ့သူတွေပေါ့ဗျာ။ ဒီမိတ်ဆွေတွေအကြောင်း တွေးမိရင် ဘူတာအိုကြီး ကျနော်ဝမ်းနည်းမျက်ရည်ကျချင်မိတယ်။

ကျနော့် မိတ်ဆွေကြီးတယောက်ဆို မိသားစုတကွဲတပြားနဲ့ ဘဝတွေ ပျက်သွားခဲ့တာ အရင်ကဆို သူတို့မိသားစုလေးက ကျနော့်အရိပ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဈေးရောင်းခဲ့ကြတာ။ ဒါပေမယ့် အာဏာသိမ်းမှုကြီးဖြစ်လာတော့ သူတို့ယုံကြည်ရာနောက်ကိုလိုက်ရင်း အမေကတခြား၊ အဖေကတရား (သာသနာ့ဘောင်)၊ သားသမီးတွေက တောထဲကိုသွား၊ လက်နက်တွေကိုင်သူကိုင်နဲ့ ချစ်စရာကောင်းတဲ့ မိသားစုဟာ တစစီ ဖြစ်ခဲ့ရတယ်။

နောက်ထပ် မိတ်ဆွေတယောက်ဆို ဘဝတွေ ဘယ်လောက်ပျက်သွားလဲဆို ဘူတာမှာ စျေးမရောင်းရတဲ့အဆုံး အင်းတော်ကနေ ၂၇ မိုင်‌ဝေးတဲ့ နန့်စီးအောင်ဂိတ်မှာ ဈေးဗန်းရွက်ပြီး ဈေးရောင်းနေရတယ်။



အဲ့ဒီဂိတ်က ကျနော်တို့ဘက်မှာဆို နာမည်ကြီးဗျ။ အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်နိုင်တဲ့နေရာတခု၊ ဂိတ်က စစ်တပ်အရာရှိတွေကလည်း ဈေးရောင်းသူတွေရှိရင် သူတို့အတွက် အကာကွယ်ရလို့ လူသားဒိုင်းအဖြစ် ထားချင်လို့ မုန့်ဖိုး ၂၀၀၀၊ ၃၀၀၀ ပေးပြီး ဈေးလာရောင်းဖို့ မက်လုံးပေးကြတယ်။

အဲ့လို အသက်အန္တရာယ်ရှိနိုင်မှန်းသိရက်နဲ့လည်း ဝမ်းတထွာအတွက် အဲ့ဒီအန္တရာယ်တွင်းထဲမှာ ဈေးဗန်းရွက်ပြီး သွားလာနေကြတယ်။

မိတ်ဆွေကြီးတွေရဲ့ ဒီလိုအဖြစ်ဆိုးတွေ အကြောင်းကြားရရင် ဝောာက်ခေါက်ရုံ၊ သက်ပြင်းချရုံကလွဲလို့ ဘာမှတတ်နိုင်ပါတယ်။ သူတို့တွေတောင် ဒီလိုဖြစ်တာ နဘားဘူတာဆိုတဲ့ ကျနော့် ဘဝပျက်တာ မဆန်းပါဘူးလေ။ ထူးပြီးလည်း ဝမ်းနည်းမနေတော့ပါဘူး။

နောက်ထပ် စိတ်မကောင်းစရာ တခုကလည်း ရှိသေးတယ်ဗျ။ အရင်က နဘားဟာ မူးယစ်ကင်းစင်တဲ့နေရာ မဟုတ်ခဲ့ပေမယ့် ပေါတဲ့နေရာလည်း မဟုတ်ဘူး။ ဒါပေမဲ့ အခုဆို မူးယစ်ဆေးကို ဟင်းသီးဟင်းရွက်ဈေးထက် သက်သာတဲ့ဈေးနဲ့ ဝယ်လို့ရနေပြီ။ ရောင်းတဲ့သူထဲမှာလည်း အမျိုးသမီးတွေကစလို့ အသက်မပြည့်သေးတဲ့ ကလေးတွေအဆုံး တချို့ဆို မူးယစ်ဆေးရောင်းရင်း သူတို့ကိုယ်တိုင် မူးယစ်ဆေးစွဲသွားတာတွေလည်း ရှိတယ်ဗျ။ ဒါတွေကို ကျနော် အသိဆုံး။ ဘာလို့ဆို တခါတလေ သူတို့ကျနော့်ဆီကို ရောက်လာတတ်ကြတယ်။ ကျနော်ဟာ မူးယစ်ဆေးသမားတွေရဲ့ပစ်မှတ်တခု ဖြစ်လာပြီး ကျနော့်ဆီက ငွေဖြစ်နိုင်တဲ့ သံတိုသံစတွေ အကုန် ဖြုတ်ယူရောင်းစားခံနေရတယ်။


တချိန်က လူတိုင်းလာချင်ခဲ့တဲ့‌ နေရာလေးက ခုတော့လုယက်ခံရမှာစိုးလို့ ကျနော့်ဆို ဝေးဝေးက ရှောင်ပြီး သွားလာနေကြပြီဗျာ။

အခုလို ဖယ်ကျဉ်ခံရတဲ့နေရာတခု၊ စွန့်ပစ်ခံ နေရာတခု ဖြစ်သွားတဲ့ ကျနော်ဟာ တချိန်က ပျော်စရာအမှတ်တရတွေကို သတိရအောက်မေ့နေမိတယ်။

တက္ကသိုလ်ကျောင်းဖွင့် ရာသီဆို နဘားဘူတာတခုလုံး ရွှေဘိုကိုသွားတဲ့ ကျောင်းသားတွေ၊ မိုးညှင်းကိုတက်မယ့် ကျောင်းသားတွေနဲ့ ပြည့်နေပြီး ရထားဝန်ထမ်းတွေက ကျောင်းသားတွဲရယ်လို့ သီးသန့်စီစဉ်ပေးထားရတာ။ ရထားပေါ်ရောက်ရင်လည်း တက္ကသိုလ်တွေ၊ ဘာသာရပ်တွေ မေးကြရင်း အပြန်အလှန်မိတ်ဖွဲ့ကြနဲ့ တကယ့်ကို တတ်ကြွနုပျိုခဲ့တဲ့ ရထားခရီးစဉ်အချိန်တွေ ဖြစ်ခဲ့ဖူးပါတယ်။

ခရီးသည်တချို့ကတော့ နဘားဘူတာ စည်ကားပုံက “နဘားမှာ ရထားစောင့်ရတာ ပွဲဈေးတန်းမှာ ရထားစီးနေရသလိုပဲ” လို့တောင် တင်စားပြောခဲ့ကြတာ။



ကျနော့် နဘားမှာ လူကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ ဟာသစာဆို တခုလည်း ရှိသေးတယ်။ “နန့်စီးအောင်ဂျပိုး၊ မော်လူးဆေးဆိုး၊ ပင်ဝယ်ထမ်းပိုး၊ နဘားသူခိုး၊ အင်းတော်ငါလိုး” တဲ့။ အဲဒီစာဆိုလေးက ဒီလိုဗျ။ နန့်စီးအောင်က လူလိမ်တွေပေါလို့ နန့်စီးအောင်ဂျပိုး၊ မော်လူးကြတော့ ကျောက်ခဲလေးတွေကို ဆေးဆိုးပြီးရောင်းလို့ မော်လူးဆေးဆိုးပေါ့။ ပြီးတော့ ပင်ဝယ်ကျ ထမ်းပိုးတွေရောင်းလို့ ပင်ဝယ်ထမ်းပိုးတဲ့။ ကျနော်တို့ နဘားကြ ခပ်ဆန်းဆန်းရယ်။ တရက်သား သူခိုးတယောက်ဟာ နဘားဘူတာကနေ အထုပ်တထုပ်ခိုးပြီး ကြုံရာရထားနဲ့အင်းတော်ကို ပြေးတယ်။ အင်းတော်လည်းရောက်ရော အထုပ်ဖြည်ကြည့်တော့ အမျိုးသမီးအတွင်းခံထုပ်ကြီး ဖြစ်နေလို့ ဆဲလိုက်တာ၊ ဒီလိုနဲ့ နဘားက သူခိုး၊ အင်းတော်ကြ ငါလိုးဆိုပြီး တွင်သွားတယ်တဲ့။ ရယ်စရာတွေပေါ့ဗျာ။ အခုတော့ ရင်မောစရာတွေလည်း တလှေကြီးပါပဲ။

အရင်ကဆို နဘားဘူတာကြီးက ၂၄ နာရီလုံး လူပြတ်ချိန်ဆိုတာ မရှိတဲ့အပြင် ဘူတာထဲမှာရှိတဲ့ ကိုလိုနီခေတ်က ဆောက်ခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းတွေ၊ ရေစင်တွေကို လာလေ့လာကြတဲ့ နိုင်ငံခြားခရီးသွားတွေကလည်း တနှစ်ကို ၃ ခေါက်လောက် လာလည်ကြတယ်။ အဲ့ဒီအချိန်‌ဆို မြန်မာဓလေ့ အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ ကြိုဆိုပွဲတွေ လုပ်ကြပြီး ဘူတာကြီးထဲမှာ အဆူညံဆုံး၊ ပျော်ဖို့အကောင်းဆုံး အချိန်တွေပေါ့။



တချို့ခရီးသည်တွေဆို ကျနော့်ဆီကို တကူးတက လာလည်ကြတယ်ဗျ။ နဘားရောက်အမှတ်တရဆိုပြီး ဓာတ်ပုံရိုက်ချိန်ဆို သူတို့နောက်မှာ ကျနော့် ခန့်ခန့်ကြီးပေါ့ဗျာ။ ဒါတွေအားလုံးဟာလည်း တချိန်တုန်းက အမှတ်တရတွေပါ။

နဘားရွာသားတွေနဲ့ ဒေသခံတွေကတော့ နဘားဘူတာကြီးမှာ ခရီးတထောက်နားပြီး လိုရာခရီးဆက်ရတဲ့ဘဝတွေ၊ ဘူတာမှာ အန္တရာယ်ကင်းကင်းနဲ့ ဈေးရောင်းပြီး ဝမ်းစာရှာရတဲ့ဘဝတွေကို လွမ်းနေကြပြီ။ နဘားဘူတာကြီး ပြန်ဖွင့်ချိန်ကိုပဲ မျှော်လင့်နေကြပြီ။

ကျနော်လည်း သူတို့နည်းတူပါပဲဗျာ။ အရင်လို စည်ကားတဲ့ဘဝကို ဘယ်ချိန်ပြန်ရောက်မလဲ မသိနိုင်ပေမယ့် ကျနော် ချစ်ရတဲ့သူတွေနဲ့အတူ အရင်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ့်ရက်တွေကို နေ့စဥ် စောင့်နေဆဲပါပဲ။

ဆောင်းပါးရှင် - ချယ်ရီ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10