နမခအနီး ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိ

နမခအနီး ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီမနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီလို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက် ဒီကနေ့မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ လက်ကျန်စခန်းတွေဖြစ်တဲ့ ရွှေစာလီဘုရားကုန်းနဲ့  ဇွဲစားသောက်ဆိုင် (၃ထပ်တိုက်) နေရာက စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းလင်းပြီး မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“တမြို့လုံးကို ရပြီ။ အရှင်ရော အသေရော ရတယ်။ ထွက်ပြေးတဲ့ဟာတွေက ဒီမနက်မှ လယ်ကွင်းတွေထဲ မိတာ။”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီက ဒီပဲယင်းမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ ရွှေစာလီဘုရားကုန်းနဲ့  ဇွဲစားသောက်ဆိုင် (၃ ထပ်တိုက်) စတဲ့နေရာတွေမှာ အင်အား ၆၀ ကျော်နဲ့ တပ်စွဲထားတာဖြစ်ပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးကတော့ ဩဂုတ် ၁၆ နဲ့ ၁၇ ရက်တွေမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ဒီပဲယင်းမြို့ကို သိမ်းနိုင်တာဖြစ်ပြီး တမြို့နယ်လုံးအတိုင်းတာနဲ့ဆိုရင်တော့ မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မြို့နယ်ခွဲတခုဖြစ်တဲ့ စိုင်ပြင်ကြီးမြို့ ရဲစခန်းတခုသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးနဲ့သုံ့ပန်းအရေတွက်ကတော့ စိစစ်နေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၂ ဦးကျဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

“ Confirm ဖြစ်ပါတယ်ဗျ။ လောလောဆယ် ဒီပဲယင်းမြို့ကတော့ အလုံးစုံသိမ်းနိုင်ပြီပေါ့။ ဝေဟင်တော့ တချက်ကြောက်ရတယ်။ စစ်ကောင်စီဘက်က တချို့လည်း ထွက်ပြေးတယ်။ တချို့လည်း လက်နက်ချတယ်။”လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင် ကိုဖြိုးက ပြောပါတယ်။

ရေဦးကနေ စစ်ကူလာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းက လက်ရှိ မဲအိုးရွာအနီးမှာရှိနေပြီး ရေဦးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒီပဲယင်းမြို့ မကျဆုံးရေး လေကြောင်းပစ်ကူတွေဆက်တိုက်လုပ်ဆောင်ခဲ့ရာ သြဂုတ် ၁၆ ရက်မှာ မြို့ပေါ်ရပ်ကွက် ၃ ခုကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး၊ သြဂုတ် ၁၇ ရက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး၊ Y 12 ထောက်ပို့ယာဥ်နဲ့ လေကြောင်း ၁၁ ကြိမ်  ဗုံးသီး ၆၂လုံး၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၆ ကြိမ် ပစ်ကူပေးခဲ့ပေမယ့် မြို့ကိုလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီပဲယင်းမြို့ဟာ မုံရွာနမခစစ်ဌာနချုပ်နဲ့ မိုင် ၃၀ ကျော်အကွာ မုံရွာ-ရေဦးကားလမ်းနံဘေးမှာ တည်ရှိတာဖြစ်ပြီး နမခနဲ့ ဒီပဲယင်းမြို့အကြားမှာ ဘုတလင်မြို့တမြို့သာ ခြားတော့တာလည်း ဖြစ်ပါတယ်။

ပုံစာ - ဒီပဲယင်းရဲစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ - အဖြူရောင် D.P.Y)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #မြို့သိမ်းတိုက်ပွဲ #နမခ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10