ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာဝင်လုပ်တဲ့ အုပ်ချုပ်ရေးမှူး ထပ်ပြီးအသတ်ခံရ

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာဝင်လုပ်တဲ့ အုပ်ချုပ်ရေးမှူး ထပ်ပြီးအသတ်ခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာက သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားထိုးဝင်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ထပ်မံပစ်သတ်ခဲ့တယ်လို့  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုပွားသီးဆိုသူကို ဇွန် ၁၃ ရက် ညနေ ၆ နာရီလောက်က လမ်းလျှောက်လာစဥ် သဖန်းကိုင်းရွာနဲ့ အင်းငါးခွ သကြားစက်လမ်းဆုံမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ယာထဲကနေ ဟင်းသီးဟင်းရွက်တွေ ခူးပြီးပြန်လာတာကို ရှေ့တည့်တည့်ကနေပစ်တာ ရင်ဘတ်ကို သုံးချက်ထိသွားတယ် “လို့ ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကိုပွားသီးဟာ ပြီးခဲ့တဲ့ မေ ၃၀ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်ရှင်းလင်းခဲ့တဲ့ ကြို့ပင်ဝိုင်းအုပ်ချုပ်ရေးမှူး ဦးညွန့်စိုးရဲ့နေရာမှာ အစားထိုးဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ 

ဒါ့အပြင် သူဟာ ပျူစောထီးသင်တန်း အပတ်စဉ် ၁ ဆင်းထားသူဖြစ်ပြီး စစ်ကောင်စီဘက်က စစ်မှုထမ်းစစ်သားစုဆောင်းရာမှာလည်း ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလောင်းကိုတော့ စစ်အုပ်စုဘက်က ပေါက်ခေါင်းမြို့ဘက်ကို ကားနဲ့သယ်သွားတယ်လို့ ဆိုပါတယ်။ 

ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDF တပ်ခွဲ ၁၊ ရွှေလေးညီနောင်အဖွဲ့နဲ့  ပေါက်ခေါင်း (ပကဖ) ဆောင်းခိုငှက်အဖွဲ့တို့ဟာ ဇွန် ၂ ရက် ည ၇ နာရီလောက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူ မြင့်အောင် ကိုလည်း နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။  

ပုံစာ - သေဆုံးသူ ကိုပွားသီး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပစ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10