ပန်းတောင်းမှာ စိတ်ကျန်းမာရေးမကောင်းသူတဦး အသတ်ခံရ

ပန်းတောင်းမှာ စိတ်ကျန်းမာရေးမကောင်းသူတဦး အသတ်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တိုက်နယ် ပြည်-တောင်ကုတ်ကားလမ်းဘေး လက်ဖက်ရည်ဆိုင် တဲအတွင်းမှာ စိတ်ကျန်းမာရေးမကောင်းသူတဦး အသတ်ခံထားရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

သေဆုံးသူဟာ ဥသျှစ်ပင်တိုက်နယ်မှာလှည့်လည်သွားလာနေတဲ့ အသက် ၄၀ ကျော်အရွယ် ကိုထွန်းမင်းလတ် (ခ) ဗိုလ်ရူးဖြစ်ပြီး အောက်တိုဘာ ၂ ရက် မနက် ၆ နာရီလောက်မှာ အဆိုပါလက်ဖက်ရည်ဆိုင် တဲအတွင်းမှာပဲ လည်ပင်းနဲ့ လက်ကောက်ဝတ်နှစ်ဘက်မှာ ဓါးနဲ့လှီးခံရတဲ့ဒဏ်ရာအပြင် ဗိုက်ပေါက်ထွက်အနေအထားနဲ့ အလောင်းကိုတွေ့ခဲ့ရတာလို့ ဆိုပါတယ်။ 

“ဒေါ်ဘီစိန်ရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သတ်တာ၊ ဗိုက်ကိုခွဲတယ် အူတွေလည်း ထွက်နေတယ်၊ အသည်းကိုလည်း လွှင့်ပစ်ထားတာ။” လို့  ဒေသခံတဦးက ပြောပါတယ်။

ဗိုလ်ရူးကိုသတ်သူဟာ ဥသျှစ်ပင်တိုက်နယ်မှာ ကျပန်းလုပ်ကိုင်ရင်း နေထိုင်သွားလာနေတဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်သား အသက် ၁၇ နှစ်အရွယ် ‌ဂွေးတို (ခ) အောင်ဆန်းဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

အောင်ဆန်းဦးက လက်ဘက်ရည်ဆိုင်ထဲကိုဝင်ချိန်မှာ ဆိုင်ထဲမှာရှိနေတဲ့ဗိုလ်ရူးက ကျောက်ခဲနဲ့ ပေါက်ချိန်ထိမှန်ခဲ့ရာက စိတ်မထိန်းနိုင်ဘဲ ဆိုင်ထဲမှာရှိတဲ့ဓါးမနဲ့လှီးတဲ့အပြင် စတီးဓါးနဲ့ပါ ဗိုက်ကိုခွဲခဲ့တာဖြစ်ကြောင်း အောင်ဆန်းဦးက ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံတဦးကလည်း ဗိုလ်ရူးဟာ အေးအေးနေတတ်သူဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဗိုလ်သင်တန်းတက်ခဲ့ပြီးနောက် ကျောင်းဆင်းကာနီးမှာ စိတ်ကျန်းမာရေးချို့ယွင်းခဲ့တာလို့ ပြောပါတယ်။ 

ဗိုလ်ရူးရဲ့မိဘတွေဟာ ကွယ်လွန်သွားပြီဖြစ်ပြီး ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ရွာ၊ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆)က ဝန်ထမ်းဟောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အောင်ဆန်းဦးကိုတော့ ဥသျှစ်ပင်မြို့၊ နယ်မြေရဲစခန်းက အဲ့ဒီနေ့မှာပဲဖမ်းပြီး ပုသိမ်-မုံရွာကားလမ်းဆုံ ဆိုင်းဘုတ်အနီးမှာ စွန့်ပစ်ထားတဲ့ ဗိုလ်ရူးရဲ့အသည်းကိုသွားရောက်သိမ်းယူပြီးနောက် လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကလည်း ပန်း‌တောင်းမြို့နယ်၊ ရွာသာယာရွာအနီး ဧရာဝတီမြစ်လယ်မှာ ကျောက်စုပ်စက်လှေနှစ်စီးတိုက်မှုဖြစ်ရာက လုပ်သား ၂ ဦးရန်ဖြစ်ပြီး ဦးခေါင်းကို သစ်သားချောင်းနဲ့ ရိုက်လို့ ၁ ဦးဒဏ်ရာရပြီး ဆေးကုနေချိန် သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - လက်ဖက်ရည်ဆိုင်အတွင်းတွင်တွေ့ရသည့် ကိုထွန်းမင်းလတ် (ခ) ဗိုလ်ရူး၏ အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #စိတ်ကျန်းမာရေးမကောင်းသူ #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10