ပုလဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ဝင်တိုက်ခိုက် မြို့ကို ၂ နာရီကြာထိန်းချုပ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ၂နာရီကြာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနောက်မြောက်စစ်ဒေသရဲ့ ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။

ဇူလိုင် ၇ ရက် မနေ့က မနက် ၁၀ နာရီခွဲလောက်က မြို့မြောက်ဖက်ခြမ်းက စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်ရှိတဲ့ ထွေအုပ်ရုံးနဲ့ မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ရဲတပ်သား ၂၀ ဝန်းကျင်ရှိတဲ့ ရဲစခန်းကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး နေ့လယ် ၁ နာရီခွဲကျော်မှာ ပြန်ဆုတ်ခဲ့ကြတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနောက်မြောက်စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြင့်နိုင်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထွေအုပ်ရုံးနားမှာရှိတဲ့ နတ်ကြီးရပ်ကွက်ကနေ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၂ ဦးကို ဖမ်းမိခဲ့ပြီး အခုလက်ရှိ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အပ်နှံထားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲဟာ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် ဖော်ဆောင်ခဲ့တာဖြစ်သလို ပုလဲမြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေ နည်းလာနေတဲ့အတွက် ပြည်သူလူထု သွေးအေးသွားတာမျိုးတွေ မဖြစ်ဖို့ ရည်ရွယ်ပြီး စစ်ရေးနဲ့ နိုင်ငံရေး ယှဉ်တွဲပြီး ဖော်ဆောင်ခဲ့တဲ့ ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရအခြေနေတွေကတော့ စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်တာ မရှိဘူးလို့ သူကပြောပါတယ်။

တိုက်ခိုက်မှုကိုတော့  အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ(ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ABSDF-Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF၊ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10