ပေါင်းတည်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

ပေါင်းတည်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာကို နယ်မြေရှင်းလင်းရေးလုပ်ပြီး သစ်ပုတ်ရွာ တာဝါတိုင်အထိုင်စခန်းကို  ပြန်လာတဲ့ အင်အား ၂၂ ဦးပါ စစ်ကြောင်းကို မေ ၈ ရက် မနေ့ ညနေ  ၆ နာရီခွဲကျော်လောက်က သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြား ကျောက်တောင်အနီးကနေ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၂ ဦးသေကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

”မိုင်းတွေကို စစ်**တွေ သွားမယ့်လမ်းမှာ လေးပေ တလုံးစီ ဖြန့်ခင်းထားတာ။ သူတို့ ခြေလျင်ပြန်လာချိန် ဆွဲလိုက်တာ ၆ ဦး လဲကျသွားပြီး ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရသွားတာလို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြန်သတင်းပို့တယ်“ လို့ ၃၆၀၁ PPDF တပ်ရင်း၊ ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကြောင်းဟာ အဲဒီနေရာမှာပဲ ညအိပ်ပြီး ည ၁၂ နာရီလောက်မှာ ဖောကားတစီးနဲ့ မှတ်တိုင်ရွာ ဘက်ကို သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ပေမယ့်  ပြည်သူ့ကာကွယ် ရေးရဲဘော်တွေ အန္တရာယ်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မေ ၉ ရက် ဒီမနက်မှာ အဲဒီစစ်ကြောင်းဟာ သစ်ပုတ်ရွာ တာဝါတိုင်စခန်းကို ပြန်သွားကြတယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိအနာဂတ် ပျောက်ပျက်မသွားရအောင် ပြည်သူ့ရင်ခွင်ခိုလူံပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ အမြန်ဆုံး ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂ ရက် ညနေကလည်း သစ်ပုတ် တာဝါတိုင်စခန်းကနေ ရေချိုးထွက်လာတဲ့ စစ်သားတွေကို ပဒေသာမိုင်း ၄ လုံးဆွဲကာ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့ #စစ်ကောင်စီ #စစ်ကြောင်း ##PPDF #မိုင်းဆွဲ #သစ်ပုတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10